မိုင်းကိုင်မြို့နယ်၌ အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေးအထောက်အကူပြု ပညာပေးသင်တန်းဖွင့်လှစ်

မိုင်းကိုင် မေ ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ နိုင်ငံတော်အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ အသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေးအထောက်အကူပြုပညာပေးသင်တန်းကို ယမန်နေ့မနက်ပိုင်းက မြို့မအုပ်စု၊ ဆန့်ကန်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာအောင်ဇော်လင်းက တိရိစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့် ရောဂါများအကြောင်း၊ ဝက်မွေးမြူရေး၊ အသားတိုးကြက်၊ ဥစားကြက်တိုးချဲ့မွေးမြူရေး၊ ဇီဝလုံခြုံရေးဆိုင်ရာ သိကောင်းစရာများနှင့် အာဟာရပြည့်ဝသည့် တိရိစ္ဆာန်အစာစိုက်ပျိုးခြင်းအကြောင်းများကို သင်ကြားပို့ချခဲ့ပြီး ကျွဲ/နွား ကာကွယ်ဆေးထိုးနှံမည့် စီမံချက်များကိုလည်း ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါအသက်မွေးဝမ်းကျောင်းဆိုင်ရာ မွေးမြူရေးအထောက်အကူပြုပညာပေးသင်တန်းသို့ မြို့မအုပ်စု၊ ဆန့်ကာကျေးရွာရှိ တိရိစ္ဆာန်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ တောင်သူ (၂၉) ဦးနှင့် မွေးမြူရေးလုပ်ငန်းကို စိတ်ပါဝင်စားသည့် ကျေးလက်နေပြည်သူ (၃၅) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချော