တောင်ကြီး မေ ၆
ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တစ်ခုတည်ဆောက်ရာတွင် ကျန်းမာကြံ့ခိုင်သည့် နိုင်ငံသားများ ဖြစ်ပေါ်လာရေးသည် အလွန်အရေးပါသည့်အတွက် ကျန်းမာကြံ့ခိုင်ရေးနှင့် ကျန်းမာရေးအဆင့်အတန်းပိုမိုမြှင့်တင်နိုင်ရန် ရည်ရွယ်၍ ပြီးပြည့်စုံသောအရေးပေါ်သားဖွားနှင့် မွေးကင်းစကလေးပြုစုကုသမှု Comprehensive Emergrncy Obstetric and Newborm Care (CEmONC) သင်တန်းဖွင့်ပွဲကို ယမန်နေ့ မနက်ပိုင်းက တောင်ကြီးမြို့၊ အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံကြီး၊ အစည်းဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ရက် (၁၀၀) စီမံချက်အနေဖြင့် ဆောင်ရွက်သော ယခုသင်တန်းသည် မြို့နယ်ဆရာဝန်များနှင့် တိုက်နယ်ဆရာဝန်များကို သင်တန်းပေးသွားမှာဖြစ်ပြီး မိခင်နှင့် မွေးကင်းစကလေးသေဆုံးမှုများ လျော့နည်းလာစေရန် ရည်ရွယ်ပါကြောင်း၊ ပြည်သူများ၏ မျှော်မှန်းသက်တမ်းကို တိုးမြှင့်နိုင်ရေးအတွက် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတို့က ဘာသာရပ်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် ပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ဆေးရုံအုပ်ကြီးများနှင့် ညှိနှိုင်း၍ မြို့နယ်ဆရာဝန်၊ တိုက်နယ်ဆရာဝန်များကို မိခင်များအား အန္တရာယ်ကင်းစွာ မွေးဖွားနိုင်ရန် ရက် (၁၀၀) စီမံချက်အနေဖြင့် ပြီးပြည့်စုံသော အရေးပေါ်သားဖွားနှင့် မွေးကင်းစကလေးပြုစုကုသမှုသင်တန်းအား ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာသော သင်တန်းသားများက တစ်ဦးချင်းမိတ်ဆက်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ယခုလို ပြီးပြည့်စုံသောအရေးပေါ်သားဖွားနှင့် မွေးကင်းစကလေးပြုစုကုသမှု Comprehensive Emergrncy Obstetric and Newborm Care (CEmONC) သင်တန်းများကို ဖွင့်လှစ်ပေးခြင်းအားဖြင့် မိခင်နှင့်မွေးကင်းစကလေးသေဆုံးမှုများသည် ယခင်ထက်ပိုမိုလျော့ကျသွားမည်ဖြစ်ပီး သင်တန်းကို သင်တန်းသား (၁၄) ဦးအား အထူးကုဆရာဝန်ကြီးများ၊ ကလေးဆေးပညာပါမောက္ခများက သင်တန်းကာလ (၅) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းသန့် (ပြန်/ဆက်)