လားရှိုး မေ ၆
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အသေးစားအငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး ဆောင်ရွက်သည့် တန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ပထမအကြိမ် ဖွင့်ပွဲအခမ်းအနားကို မေလ ၅ ရက်နေ့ နံနက်ပိုင်းက လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် ရှေ့ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးက အမှာစကားပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီသီစိုးက သင်တန်းဖွင့်လှစ်ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သင်တန်းသုံး ကုန်ကြမ်းပစ္စည်းများအား သင်တန်း သား၊ သင်တန်းသူများ လက်ဝယ်သို့ ချီးမြှင့်ပေးအပ်ခဲ့ပြီး သင်တန်းသုံး သင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှု အားပေးကာ စုပေါင်းအမှတ်တရ မှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။
သင်တန်းတွင် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာများ၊ စားသောက်ကုန်တွင်သုံးစွဲသော ဓာတုပစ္စည်းများ၊ ထုပ်ပိုးမှုများနှင့် ကွတ်ကီး၊ နံကထိုင်၊ လျှာပေါ်ဝဲ၊ ပီဇာ၊ မွေးနေ့ကိတ်၊ ရေခဲမုန့်၊ ပေါင်မုန့်၊ စာကလေးခွေကြော် စသည့်မုန့်များအပါအဝင် မုန်အမျိုးအစား စုစုပေါင်း ၁၆ မျိုး ပြုလုပ်နည်းများအား စာတွေ့လက်တွေ့ပို့ချ သင်ကြားပေးမည်ဖြစ်သည်။
အဆိုပါ သင်တန်းပထမအကြိမ်အား မေလ (၅) ရက်နေ့မှ (၁၁) ရက်နေ့အထိလည်းကောင်း၊ ဒုတိယအကြိမ်အား မေလ ၁၉ ရက်နေ့မှ ၂၅ ရက်နေ့အထိလည်းကောင်း စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ စုစုပေါင်း ၄၀ ဦး တက်ရောက် သင်ကြားလျက်ရှိကာ လုပ်ငန်းထူထောင်လုပ်ကိုင်လိုသည့် သင်တန်းသားသင်တန်းသူ ၅ ဦးအား စိစစ်ရွေးချယ်ပြီး ငွေကျပ် ၁၈ သိန်းနှင့် ညီမျှသည့် လုပ်ငန်းထူထောင်ရန်လိုအပ်သည့် လုပ်ငန်းသုံးစက်ပစ္စည်းများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။
လူမော် (ပြန်/ဆက်)