မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားနှင့် မုဒုံမြို့နယ်၊ ကန်ကလေးဥယျာဉ်ခြံလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မော်လမြိုင်   မေ   ၆

၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်သည့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။

ဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က တိုင်းရင်းသားမိဘပြည်သူများရဲ့ အသက်အိုးအိမ်ဥစ္စာပစ္စည်းများကို မီးဘေးအန္တရာယ်နဲ့ အခြားသောဘေးအန္တရာယ် အမျိုးမျိုးကနေ ခေတ်အဆက်ဆက် ကာကွယ်စောင့်ရှောက်ခဲ့ပြီး သမိုင်းဂုဏ်ဒြပ် အစဉ်အလာကြီးမားစွာ ရပ်တည်လာခဲ့သည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သမိုင်းကို ဂုဏ်ယူဖွယ်ရာတွေ့ရမှာဖြစ်ကြောင်း၊ ယနေ့ကျရောက်တဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ နှစ်(၈၀)ပြည့် မီးသတ် တပ်ဖွဲ့နေ့တွင် မွန်ပြည်နယ်အတွင်း မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ကြသော မီးသတ်တပ်ဖွဲ့ဝင်အားလုံးအား အထူးပင်ဂုဏ်ပြုပါကြောင်း၊ နှစ်စဉ်သဘာဝဘေးအန္တရာယ်များနှင့်  မီးဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုတန်ဖိုးများ လျော့ကျစေရေးအတွက် ပြည်သူလူထုအတွင်း မီးသတိပြုရေးနဲ့ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာတွေ စိမ့်ဝင်ပျံ့နှံ့နေအောင် ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ မွန်ပြည်နယ် မီးတပ်တပ်ဖွဲ့ဝင်များအနေဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ သမိုင်းအစဉ်အလာကောင်းကိုဆက်လက်ထိန်းသိမ်းကြရန်၊ ပြည်သူတို့ အသက်အိုးအိမ်စည်းစိမ်များအပေါ် ကျရောက်လာနိုင်တဲ့ ဘေးအန္တရာယ်အမျိုးမျိုးကို အချိန်မဆိုင်းဘဲ ကာကွယ် ဆောင်ရွက်ပေးကြရန်နှင့် နိုင်ငံတော် အကျိုး၊ ပြည်နယ်အကျိုးကို ကျရာနေရာ အခန်းကဏ္ဍကမှ စွမ်းဆောင်ရည် မြင့်မားစွာဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။ 

ထို့နောက် မီးသတ်တပ်ဖွဲ့မှတ်တမ်း Video Clickအား ပြသခဲ့မှုအပေါ်  ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တက်ရောက်လာသော မီးသတ်တပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး ခန်းမအတွင်းခင်းကျင်းပြသထားသော မွန်ပြည်နယ် မီးသတ်တပ်ဖွဲ့၏ လုပ်ငန်းစွမ်းဆောင်ရည် ဆောင်ရွက်ချက် မှတ်တမ်း ဓါတ်ပုံများ၊ မီးငြိမ်းသတ်ရေးပစ္စည်း ကိရိယာနှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ ပစ္စည်းကိရိယာများအား လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မုဒုံမြို့နယ် ကန်ကလေးဥယျာဉ်ခြံသို့ ရောက်ရှိပြီး ဦးစွာရှင်းလင်းဆောင်တွင် ကန်ကလေးဥယျာဉ်ခြံ တာဝန်ခံက ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ၊ ကန်ကလေးဥယျာဉ်ခြံ၏ ခြံလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအား Power Pointဖြင့် ရှင်းလင်းတင်ပြပြီး MDPF (Myanmar Durian Plantation Farm) ဒူးရင်း Value Added ထုတ်ကုန်လုပ်ငန်းစီမံကိန်းတာဝန်ခံမှ ဒူးရင်းသီးနှံတန်းဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်မည့်အစီအစဉ်များအား ရှင်းလင်းတင်ပြ သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဥယျာဉ်ခြံသီးနှံမျိုးကောင်းမျိုးသန့်ပျိုးပင်များထုတ်လုပ်၍ တောင်သူလက်ဝယ်အရောက်ဖြန့်ဖြူးပေးရေး၊ သီးနှံပင်စိုက်ပျိုးထိန်းသိမ်းထုတ်လုပ်​ရေး၊  တိုးတက်ပြောင်းလဲလာသော စိုက်ပျိုးနည်းစနစ်များအား တောင်သူသိရှိနိုင်ရန် ပညာပေး လုပ်ငန်းများ ဆောင်ရွက်ကြစေရေး၊ ဥယျာဉ်ခြံလုပ်ငန်းများအား အသုံးချသုတေသန  (Apply Research) များနှင့် ပေါင်းစပ်၍ သုတေသနရလဒ်များအားတောင်သူ လက်ဝယ်အရောက် ပညာပေးခြင်းလုပ်ငန်းများအား ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကန်ကလေးဥယျာဉ်ခြံအတွင်း ဒူးရင်းပင် အောင်မြင်ဖြစ်ထွန်းနေမှုနှင့် ဥယျာဉ်ခြံလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)