ခေါင်လန်ဖူးမြို့နယ်၌ ကျန်းမာရေးဝန်ကြီးဌာနက ရက် ၁၀၀ စီမံချက်ဖြင့် ​ဒေသခံ ပြည်သူများအား ကျန်းမာရေးစစ်ဆေး ကုသပေးခြင်း

ပူတာအို မေ ၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့၌ ကျန်းမာရေးဝန်ကြီးဌာနက ရက်ပေါင်း ၁၀၀ စီမံချက်ဖြင့်​​ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင်​ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား သွေးတိုး၊ ဆီးချို​ရောဂါများ စစ်ဆေးကုသခြင်းနှင့် သွေးတိုး၊ ဆီးချိုနှင့်ပတ်သက်သည့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်သည်။

အဆိုပါ ကျန်းမာရေးစစ်ဆေးကုသပေးခြင်းကို ခေါင်လန်ဖူးမြို့နယ်ခန်းမတွင် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ဆရာဦးစိုးမင်းထွန်းနှင့် ဆရာမ ဒေါ်ဂျေနားလီဆာတို့ ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက ဒေသခံပြည်သူများအား သွေးတိုး၊ဆီးချို ​ရောဂါများ စစ်ဆေးကုသပေးခြင်းနှင့် အဆိုပါရောဂါနှင့်ပတ်သက်၍ လိုက်နာရန် နည်းလမ်းများ၊ ဆေးဝါးများကို အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ထိုသို့ သွေးတိုး၊ ဆီးချို ရောဂါစစ်ဆေးကုသပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း လုပ်ငန်းများကို မေလ ၅ ရက်မှ မေလ ၁၅ ရက်နေ့ထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)