ပင်လောင်း မေ ၆
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်က ဌာနဆိုင်ရာများနှင့် ယမန်နေ့နံနက်ပိုင်းက ဘက်စုံ သုံးခန်း၌ တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်က အဖွင့်အမှာ စကားပြောကြားပြီး၊ ပြည်သူ့လွှတ်ကိုယ်စားလှယ် ဒေါ်နန်းရီရီဝင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးခွန်ထိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တစ်ဦးချင်း မိတ်ဆက်စကားပြောကြားခဲ့ကြကြောင်း သိရသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသဆိုင်ရာအချက်အလက်များနှင့် ရက်ပေါင်း (၁၀၀) အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်အစီရင်ခံစာများ တင်ပြကြပြီး၊ လုပ်ငန်းစီမံချက်များအပေါ် ဒေသဦးစီးဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်နှင့်အဖွဲ့ဝင်များက လိုအပ်သည်များ ဖြည့်စွက်မှာကြားသွားခဲ့ကြောင်း သိရသည်။
ယင်းနောက် မွန်းလွဲ ၂ နာရီအချိန်က မြသိန်းတန်ပရိယတ္တစာသင်တိုက်တွင် ပြည်သူများနှင့် တွေ့ဆုံပွဲ၌ ပင်လောင်းမြို့နယ် ပအိုဝ်းအမျိုးသာအဖွဲ့ပါတီ အလုပ်အမှုဆောင်ကော်မတီဥက္ကဋ္ဌ ဒေါက်တာခွန်စိုးမိုးကျော်က အဖွင့်အမှာစကားပြောကြားပြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်က ရပ်ရွာဒေသဖွံ့ဖြိုးရေးဆိုင်ရာများ၊ ပညာရေး၊ စိုက်ပျိုးရေးအတွက် လိုအပ်သည့် ပံ့ပိုးပေးနိုင်မှုအခြေအနေများ၊ ပြည်သူ့လွှတ်ကိုယ်စားလှယ် ဒေါ်နန်းရီရီဝင်းက လွှတ်တော်အတွေ့အကြုံများ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်ထိုင်းက လွှတ်တော်မှ ကော်မတီဖွဲ့စည်းမှုအခြေအနေများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနောင်က စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည်များ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကျေးရွာအုပ်စုများ တာဝန်ရှိပြည်သူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လိုအပ်သည်များ တင်ပြကြပြီး၊ တင်ပြချက်များအပေါ် ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌက ပြန်လည်ဆွေးနွေးသွားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)