စစ်တွေ မေ ၆
နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းများမှ တာဝန်ရှိသူများ တက်ရောက်သည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက မီးသတ်တပ်ဖွဲ့သည် ပြည်ထဲရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုများနှင့်အညီ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး စသည့်ရည်မှန်းချက် တာဝန်(၄)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ မီးဘေးလုံခြုံရေးလုပ်ငန်းဆိုသည်မှာ ပြီးပြည့်စုံသည်ဟူ၍ မရှိကြောင်း၊ ပြည်သူလူထုပူးပေါင်းပါဝင်မှသာ ပိုမိုခိုင်မာအားကောင်းနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများမဖြစ်မနေလိုက်နာ ဆောင်ရွက်ရမည့် အချက်များကို နားလည်သဘောပေါက်အောင် အသိပညာပေးစည်းရုံး ဆောင်ရွက်သွားရန် လိုသကဲ့သို့ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတပ်ဖွဲ့၏ ရပ်တည်ချက်များ၊ ရည်မှန်းချက်တာဝန်များနှင့် ဥပဒေပါပြဌာန်းချက်များကိုကောင်းမွန်စွာ သိရှိနားလည်ပြီး လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရန်လည်း အထူးလိုအပ်ကြောင်း၊ ယနေ့ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီး၌ သဘာဝဘေးအန္တရာယ်များ နှစ်စဉ်ပိုမိုများပြားလာသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်စဉ်များနှင့် ပတ်သက်၍ သာဓကအနေဖြင့် ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းဖြစ်စဉ်၊ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သော ရာဂီတိုင်ဖုန်းမုန်တိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့်မုန်တိုင်းများ၊ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဖြစ်စဉ်ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှု အများဆုံးဖြစ်ပွားခဲ့သည့် ဒေသများတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုများနှင့်အညီ မီးသတ်ဦးစီးဌာန၏ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာ ဒေသအလိုက် မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှုများ ဆောင်ရွက်နိုင်ခဲ့ကြသည်ကို တွေ့ရကြောင်း၊ အထူးသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များသည့် ဘေးဒုက္ခအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့နေသူတိုင်းကို မိမိတို့အသက်နှင့်ခန္ဓာကိုယ်ကို အရင်းတည်ပြီး ကူညီကယ်တင် ဆောင်ရွက်သွားရခြင်းကြောင့် ခေတ်အဆက်ဆက်တာဝန် ထမ်းဆောင်ရင်း စွန့်လွှတ်စွန့်စားသွားကြသည့် မီးသတ်တပ်ဖွဲ့ဝင်များ၏ ဂုဏ်ဒြပ်ကို လေးစားဂုဏ်ယူပြီး မြန်မာပြည်သူများ၏ အသက်အိုးအိမ်ပစ္စည်းများကို စောင့်ရှောက်ကာကွယ်နိုင်သော တပ်ဖွဲ့ကြီးအဖြစ် နှစ်ပေါင်းများစွာ အဓွန့်ရှည်အောင် ကြိုးစား တည်ဆောက်သွားကြရန်ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၆ ခုနှစ်အတွက် ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ် ရရှိခဲ့ကြသည့် မီးသတ်တပ်ဖွဲ့ဝင်များကို ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများချီးမြှင့်သည်။ ယင်းနောက် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုဗွီဒီယိုမှတ်တမ်းအားပြသပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခန်းမအတွင်း ခင်းကျင်းပြသထားသော ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေး ပစ္စည်းကိရိယာများအား လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်မီးသတ်ဦးစီးဌာနရုံး၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြိမ်းသတ်ရေး စွမ်းရည်သရုပ်ပြသနေမှုအား သွားရောက်ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါရုံးအစည်း အဝေးခန်းမ၌ ရခိုင်ပြည်နယ် မီးဘေးလုံခြုံရေးအစီအမံများအား ရှင်းလင်းပွဲအခမ်းအနားသို့ တက်ရောက်ကြရာ ပြည်နယ်ဦးစီးမှူးက မီးဘေးလုံခြုံရေးအစီအမံများ ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဖြည့်စွက်ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။
တင်ထွန်း(ပြန်/ဆက်)