ကချင်ပြည်နယ် မိုးစပါးစိုက်လယ်များ အချိန်မီစိုက်ပျိုးနိုင်ရေးနှင့် ဧကအလိုက် သီးထပ်စိုက်ပျိုးနိုင်ရေးအတွက် သွင်းအားစုများ ပံ့ပိုးပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား မေ ၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ရပ်ကွက်/ကျေးရွာ အုပ်စုအတွင်းရှိ လယ်ယာမြေများတွင် မိုးစပါးစိုက်ပျိုးနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပလနကျေးရွာအုပ်စုနှင့် နောင်နန်းကျေးရွာအုပ်စုအတွင်း မိုးစပါးစိုက်လယ်များအား ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးသည် စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ အရာထမ်းများ၊ တာဝန်ရှိသူများနှင့်အတူ နောင်နန်းကျေးရွာအုပ်စု၊ လီဆူအရှေ့ကွင်းသို့ သွားရောက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဒေသခံတောင်သူများနှင့်အတူ  ကွင်းအမှတ် (၃၉)အတွင်း တောင်သူပေါင်း (၁၀၉)ဦးပိုင် မိုးစပါးစိုက် လယ်ဧရိယာစုစုပေါင်း (၃၈၃)ဧကကျော်အတွင်း မိုးစပါး စိုက်ပျိုးနိုင်ရေး ထယ်ရေးဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် လီဆူအနောက်ကွင်းအတွင်း၌လည်း မိုးစပါးစိုက်ပျိုးနိုင်ရေး ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တောင်သူများအား မိုးစပါး အချိန်မီ စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးနည်းစနစ်မှန်ကန်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ရည်မှန်းချက်ထား စိုက်ပျိုးနိုင်ရေး ဆွေးနွေးဆောင်ရွက်ပေးခဲ့ကြပြီး စိုက်ပျိုးရေးအတွက် လိုအပ်သည့် သွင်းအားစုများ အချိန်ကိုက်၊ အချိုးကျ ထည့်သွင်းဆောင်ရွက်နိုင်ရေး၊ မိုးစပါးအပြီး သီးထပ်စိုက်ပျိုးနိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ပလနကျေးရွာအုပ်စု၊ ကံ့ကော်မြိုင်အနောက်ကွင်းအတွင်း၌ ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီး ယခင်နှစ် ဆောင်းသီးထပ်သီးနှံ စိုက်ပျိုးနိုင်ခဲ့မှု အခြေအနေများ၊ မိုးစပါးအတွက် ထယ်ရေးပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးက မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရေးနှင့် ယခုနှစ် လယ်သီး ထပ်ဆောင်းသီးနှံအတွက် ဆီထွက်သီးနှံပဲပုတ် စိုက်ပျိုးနိုင်ရေး၊ ယနေ့ ကြည့်ရှုခဲ့သည့် မိုးစပါးစိုက် လယ်များအတွင်း လယ်သီးထပ် စိုက်ဧရိယာတိုးချဲ့နိုင်ရေး လိုအပ်သည့် မျိုးစေ့၊ အောင်ရေရရှိရေးတို့နှင့် သွင်းအားစုများ ပံ့ပိုးကူညီပေးနိုင်ရေးအပြင် သီးထပ်တိုးချဲ့စိုက်ပျိုးမည့် လယ်မြေများအတွက် ခြံဝန်းခတ်ပေးနိုင်ရေး ဒေသခံတောင်သူများနှင့် ဌာနဆိုင်ရာများအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)