‎မဟာအောင်မြေမြို့နယ်၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးလှကြွယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

မဟာအောင်မြေ မေ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးလှကြွယ်မှ မဟာအောင်မြေမြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို မေလ ၅ ရက်နေ့နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

ဦးစွာ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးလှကြွယ်က အဖွင့်အမှာစကားပြောကြားရာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ မြို့နယ်သန့်ရှင်းသာယာလှပရေး၊ ဒုစရိုက်အမှုများပပျောက်စေရေး၊ အများပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်စေရေး စသည့်များပြောကြားခဲ့သည်။

ဆက်လက်ပြီး မဟာအောင်မြေမြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌မောင်မောင်က အစိုးရသစ် ရက်(၁၀၀)စီမံချက်ကာလအတွင်း ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိဌာနဆောင်ရွက် နေသည့်လုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့ကြပြီး လွှတ်တော် ကိုယ်စားလှယ်များက  ဌာနဆိုင်ရာများ၊ ပြည်သူများနှင့်ပူးပေါင်း၍ ဆောင်ရွက်မည့် ပြည်သူ့အကျိုးပြု လုပ်ငန်းဆိုင်ရာတာဝန်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

‎‎အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးလှကြွယ်၊ မဟာအောင်မြေမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစည်သူကျော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ့်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြောင်း သိရသည်။

‎‎အောင်ဇော်မင်း