မွန်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး မုဒုံမြို့နယ် အဇင်းဥယျာဉ်ခြံနှင့် ပန်းတိုင်သီးနှံများ စိုက်ပျိုးနိုင်မှု အခြေပြု စစ်တမ်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု

မုဒုံ မေ ၆

မွန်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမင်းမြင့်မောင်လေးနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက မုဒုံမြို့နယ်ရှိ အဇင်းဥယျာဉ်ခြံသို့ရောက်ရှိပြီး ရှင်းလင်းဆောင်တွင် ခြံတာဝန်ခံက ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့်  အပင်ဇီဝနည်းပညာဌာနခွဲ၊ အဇင်းဥယျာဥ်ခြံ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြ၍  ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးက လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ထို့နောက် ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးက အဇင်းဥယျာဉ်ခြံအတွင်း သီးနှံအောင်မြင်ဖြစ်ထွန်းနေမှုနှင့် ဥယျာဉ်ခြံလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးသည်။

ဆက်လက်၍ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးသည် မုဒုံမြို့နယ် နိုင်းပြိုင်ကျေးရွာရှိ ပန်းတိုင်သီးနှံများ စိုက်ပျိုးနိုင်မှု အခြေပြုစစ်တမ်းကောက်ယူမှု ပြုလုပ်နေသည့် တောင်သူများနှင့်တွေ့ဆုံရာတွင် သီးနှံအထွက်နှုန်း ကွာဟချက်များ ဆန်းစစ်ခြင်း၊ ပန်းတိုင်အထွက်နှုန်း ရရှိရေး ဆောင်ရွက်ရန် အချက်အလက်များ ပြုစုပညာပေးနိုင်ရေး၊ လယ်သမားတစ်ဦးစီ၏ မျိုး၊ မြေ၊ ရေ၊ နည်းဆိုင်ရာ အခက်အခဲများကို လူဗဟိုပြုလေ့လာ၍ လိုအပ်ချက်နှင့်အညီ ဖြည့်ဆည်းနိုင်ရေး ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ သီးနှံအထွက်နှုန်း ကွာဟချက်ကို နှစ်စဉ်ဆောင်ရွက်နိုင်ကြရန် လိုကြောင်းပြောကြားပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ တောင်သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)