သာစည်မြို့နယ်၌ နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

သာစည် မေ ၆

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ မိန်းခွန်းအားဖတ်ကြားသည်။ ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသည့် တပ်ဖွဲ့ဝင်တစ်ဦးအားလည်းကောင်း၊ ယာဉ်မောင်းသင်တန်း ဒုတိယရရှိခဲ့သည့် တပ်ဖွဲ့ဝင်တစ်ဦးအားလည်းကောင်း၊ မီးသတ်တပ်ဖွဲ့ကျင့်ဝတ်ဖြေဆိုရာ၌ ပထမဆုရရှိခဲ့သည့် တပ်ဖွဲ့ဝင်အားလည်းကောင်း၊ တစ်နှစ်အတွင်း ဝတ်စားဆင်ယင်မှုအကောင်းဆုံးဆုရရှိသည့် တပ်ဖွဲ့ဝင်အားလည်းကောင်း၊ ဝန်ထမ်းလိုင်းခန်းသန့်ရှင်းမှု အကောင်းဆုံးဆုရရှိသူအားလည်းကောင်း ဆုများချီးမြှင့်ပေးသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီက ဂုဏ်ပြုငွေများ ပေးအပ်ရာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းက လက်ခံရယူသည်။

အဆိုပါအခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သန္ဓေတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)