တာမွေမြို့နယ်၌ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

တာမွေ       မေ        ၆

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရန်ကုန်အရှေ့ပိုင်းခရိုင် သာသနာနုဂ္ဂဟအသင်းတို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်‌‌သော နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က အဆိုပါမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထု အခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တာမွေမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းနှင့် ရန်ကုန်အရှေ့ပိုင်းခရိုင် သာသနာနုဂ္ဂဟအသင်း ဥက္ကဋ္ဌ ဦးကျော်မင်းဦးတို့က အဖွင့်အမှာစကားများ အသီးသီး ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က သင်တန်းဖွင့် လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းသာသနာနုဂ္ဂဟအသင်း ဒုတိယဥက္ကဋ္ဌ ဆရာဦးအောင်လင်းက မုဒိတာစကားပြောကြားခဲ့ပြီး တာမွေမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် အလှူရှင်များက သင်တန်းအတွက် လိုအပ်သော အလှူငွေများအား ပေးအပ်လှူဒါန်းခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

အဆိုပါ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းကို ၂၀၂၆ ခုနှစ် မေလ(၅)ရက်နေ့မှ မေလ(၁၅)ရက်နေ့အထိ အခမဲ့ ဖွင့်လှစ်သင်ကြား‌ပေးသွားမည်ဖြစ်ပြီး အနာဂတ်သာသနာ၏ မျိုးဆက်သစ်များဖြစ်သော မြို့နယ်အတွင်းရှိ သားငယ်၊ သမီးငယ်လေးများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်အားလပ်ချိန်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေ ရန်၊ ဗုဒ္ဓ၏ ယဉ်ကျေးလိမ္မာမင်္ဂလာတရားများကို ငယ်စဉ်ကပင်ထုံမွေ့၍ အခြေခံခိုင်မာသော ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်ဖြစ်လာစေရန်၊ ရတနာမြတ်သုံးပါးနှင့် မိဘဆရာသမားများ၏ ဂုဏ်ကျေးဇူးကို သိရှိနားလည်စေရန်၊ ကိုယ် ကျင့်သီလတရားကို သင်ယူ၍ အတွေးအမြင် တည်ငြိမ်ရင့်ကျက် ဉာဏ်ရည်ထက်မြက်လာစေရန်၊ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် ပြုမူပြောဆို နေထိုင်တတ်၍ အများအကျိုး၊ နိုင်ငံအကျိုး သယ်ပိုးနိုင်သော လူတော်လူကောင်း များဖြစ်လာစေရန်နှင့် မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံများကို သိရှိနားလည်၍ မြတ်နိုးစွာ ခံယူတတ်စေရန် စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ဖွင့်လှစ်သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

ထက်တံခွန် (ပြန်/ဆက်)