မန္တလေးတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးလှကြွယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ

မဟာအောင်မြေ မေ ၅

မန္တလေးတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးလှကြွယ်နှင့် မဟာအောင်မြေမြို့နယ်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

အခမ်းအနားကို တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးက မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ မြို့နယ်သန့်ရှင်းသာယာလှပရေး၊ ဒုစရိုက်အမှုများပပျောက်စေရေး၊ အများပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်စေရေးပြောကြားသည်။

ဆက်လက်ပြီး မဟာအောင်မြေမြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌မောင်မောင်က အစိုးရသစ်ရက်(၁၀၀)စီမံချက်ကာလအတွင်း ဆောင်ရွက်မည့်လုပ်ငန်းများအား ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိဌာနဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ်များက ဌာနဆိုင်ရာများ၊ ပြည်သူများနှင့်ပူးပေါင်း၍ ဆောင်ရွက်မည့် ပြည်သူ့အကျိုးပြုလုပ်ငန်းဆိုင်ရာတာဝန်များအား ရှင်းလင်းပြောကြားသည်။

တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးလှကြွယ်၊ မဟာအောင်မြေမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစည်သူကျော်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ့်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း