ပျော်ဘွယ် မေ ၅
မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီမှ ဦးဆောင်ကျင်းပသည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်ပေးအပ်ပွဲကို မေ ၅ ရက် နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာစိုးက မြို့နယ်အတွင်းရှိ ပြည်သူအများစုသည် လယ်ယာလုပ်ငန်းကိုလုပ်ကိုင်ဆောင်ရွက်နေသူများဖြစ်ခြင်းကြောင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကဖြစ်ပါကြောင်း၊ ယခင်ဘဏ္ဍာနှစ်အားသာချက်များကို ဆက်လက်ထိန်းသိမ်းကာ အားနည်းချက်များကို ပြန်လည်ပြုပြင်သွားရမည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်စီမံကိန်းဦးစီးမှူး ဦးထွန်းထွန်းမင်းက စီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာစိုးနှင့်တာဝန်ရှိသူများက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ကဏ္ဍအလိုက် ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် အကောင်အထည်ဖော်ဆောင်မည့် ရင်းနှီးမြှပ်နှံမှုစာရင်းများအား သက်ဆိုင်ရာဌာနများသို့ပေးအပ်ခဲ့ကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)