မော်လမြိုင် မေ ၅
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (မုဒုံ)၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၁၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသူများ တက်ရောက်သည်။
ဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနအနေဖြင့် ခေတ်အဆက်ဆက် ပညာသင်ယူမှုအခွင့်အလမ်းနည်းပါးသည့် နယ်စပ်ဒေသက လူငယ်များအတွက် ပညာသင်ယူနိုင်ရန်ရည်ရွယ်၍ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းများ ဖွင့်လှစ်ပြီး အခြေခံပညာသင်ယူနိုင်အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန လက်အောက်မှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းပေါင်း ၄၇ ကျောင်းအထိ ဖွင့်လှစ်နိုင်ခဲ့ပြီး အမျိုးသမီးငယ်လေးများကို အိမ်တွင်းမှုသက်မွေးပညာရပ်များ လေ့ကျင့်သင်ကြားပေးလျက်ရှိသည့်အပြင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်သည်အထိ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သင်တန်းသူများအနေဖြင့် ကြိုးစားလိုစိတ်ရှိပြီး အမှန်တကယ်ကြိုးစားပါက ကျွမ်းကျင်တတ်မြောက်ပြီး ပညာရှင်အဆင့်အထိဖြစ်နိုင်တာကြောင့် အတတ်ပညာ၊ နည်းပညာတွေကို ကျွမ်းကျင်သည်ထက်ကျွမ်းကျင်အောင် အမြဲလေ့လာဆည်းပူးသင်ယူကြရန်လိုကြောင်း ပြောကြာသည်။
ထို့နောက် သင်တန်းဆင်း သင်တန်းသူတစ်ဦးက စက်ချုပ်လုပ်ငန်းအောင်မြင်မှု အတွေ့အကြုံများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ သင်တန်းသူများမှ ချုပ်လုပ်ထားရှိသည့် အဝတ်အထည်များအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)