ကျိုင်းတုံမြို့၌ Football For School Program အားကစားသင်တန်းများဖွင့်လှစ်

ကျိုင်းတုံ မေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၆ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် Football For School Program အရ အားကစားသင်တန်းများဖွင့်ပွဲကို ယမန်နေ့က ကျိုင်းတုံခရိုင် အားကစားကွင်းတွင် ကျင်းပရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်အားကစားနှင့် ကာယာပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် အားကစားသင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောမင်းသူက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက သင်တန်းအတွက် အားကစားအထောက်အကူပြုပစ္စည်းများ ပေးအပ်သည်။

အဆိုပါ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် Football For School Program အရ ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်နှင့် အေရိုဗစ်အားကစားသင်တန်းများသို့ ကျိုင်းတုံမြို့နယ်မှ အခြေခံပညာကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံအားကစားဝါသနာရှင်လူငယ်စုစုပေါင်း ၂၉၀ ဦး တက်ရောက်ပြီး မေ ၄ ရက်မှ ၂၂ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)