မြင်းခြံ ဇန်နဝါရီ ၁၅
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ စွန်းလန်းဆည်အနီးရှိ ကျေးရွာနေပြည်သူများ ရာသီမရွေးအဆင်ပြေချောမွေ့စွာ ဖြတ်သန်း သွားလာ နိုင်ရေး တမံရေပိုလွှဲ Approach Channel ဖြတ်တံတား တည်ဆောက်လျက်ရှိကြောင်း မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
"မြင်းခြံမြို့နယ် စွန်းလွန်းဆည်အနီးမှာရှိတဲ့ ဆခမကျေးရွာ၊ မကျီးသမျှားကျေးရွာ၊ တောရိုးကျေးရွာ၊ ဂွေးတောက်ပင်ကျေးရွာမှာရှိ ကျောင်းသား/ကျောင်းသူများဟာ ကွမ်းစိုက်ကျေးရွာ အထက(ခွဲ) ကျောင်းတက်ကြတဲ့အခါ စွန်းလွန်းတမံရေပိုလွှဲကပဲ ဖြတ်သွား ရပြီး စွန်းလွန်းဆည် ရေကျော်ရင် ကျောင်းသား/ကျောင်းသူများအတွက် အလွန်အန္တရာယ်များပါတယ်၊ ရေကျော်ပြီးသွား ရင်လည်း ချိုင့်ခွက်၊ ရွံ့ဗွက်တွေအပြင် မိုးရွာပါကလည်း သွားလာရခက်ခဲပါတယ်၊ ဒေသခံပြည်သူများ ကလည်း စွန်းလွန်းတမံရေပိုလွှဲ Approach Channel ဖြတ်ပြီး ဒေသ လယ်ယာထွက်ကုန်များကို မြင်းခြံမြို့သို့ တင်ပို့/ရောင်းချရာတွင် အသုံးပြုသည့် လမ်းဖြစ်သည့် အတွက် ရာသီမရွေးသွားလာနိုင် အောင် တံတားတည်ဆောက်ရခြင်းဖြစ်ကြောင်း" မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှု ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မျိုးသန့်က ပြောသည်။
"အရင်တုန်းက စွန်းလွန်းတမံရေပိုလွှဲ ဝါးတံတားသာရှိပြီး သွားရေးလာရေး အခက်အခဲကြုံရကာ အန္တရာယ်လည်းများပါတယ်၊ စွန်းလွန်း တမံရေပိုလွှဲတံတားဟာ ကျေးရွာနေပြည်သူများအတွက်တင် မဟုတ်ဘဲ ကျွန်တော်တို့ ကျေးရွာဘက်ကနေ ကွမ်းစိုက် ကျေးရွာ အထက(ခွဲ) ကျောင်းတက်ကြတဲ့ ကျောင်းသား/ကျောင်းသူတွေပါ အင်မတန်အသုံးဝင်တဲ့ လမ်းဖြစ်ပါတယ်၊ အခု အဆင့်မြင့် တံတားကြီး တည်ဆောက်ပြီးစီးပါက သွားလာရေးအဆင်ပြေသည့်အပြင် ကျေးရွာ ထွက် ကုန်များ အချိန်မီ တင်ပို့ရောင်းချ နိုင်တော့မည်ဖြစ်ကြောင်း" မကျီးသမျှားကျေးရွာနေ ဦးမြင့်ဦးက ပြောသည်။
အဆိုပါ တမံရေပိုလွှဲ Approach Channel ဖြတ်တံတားကို တိုင်းဒေသကြီးရန်ပုံငွေ ၉၈ သန်းဖြင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှု ဦးစီးဌာနမှ တည်ဆောက်လျက်ရှိပြီး တံတား တည်ဆောက်ပြီးပါက ဆခမကျေးရွာ၊ မကျီးသမျှား ကျေးရွာ၊တောရိုးကျေးရွာ၊ဂွေးတောက်ပင် ကျေးရွာနေပြည်သူများ ရာသီမရွေးသွားလာနိုင်ပြီး ကျေးလက်နေပြည်သူများရဲ့ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကျေးလက်ထွက်ကုန်များ ဈေးကွက်သို့ အချိန်မီပို့ဆောင်ရောင်းချရေး၊ လူမှုဘဝ မြင့်မားပြီး ဆင်းရဲနွမ်းပါးမှုကို လျော့ကျနိုင်မည်ဖြစ်သည်။
ကျော်စွာ(မြင်းခြံ)