ပင်းတယ မေ ၅
၂၀၂၆ ခုနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော Football For School Program အရ အားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် မြို့နယ်အားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ စစ်ကြောင်းမှူးက ဦးဆောင်၍ အားကစားသမားများမှ ပင်းတယမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိန်လင်းအောင်အား အလေးပြုကြသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ သင်တန်းသူ၊ သင်တန်းသားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြကာ သင်တန်းသူ၊ သင်တန်းသားများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံနှုတ်ဆက်ကာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အားကစားပစ္စည်းများကို ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူသည်။
အဆိုပါ အားကစားသင်တန်းတွင် ဘောလုံး၊ ဘော်လီဘောနှင့် ပြေးခုန်ပစ်အားကစားနည်းများကို လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ ဧပြီလ ၄ ရက်နေ့မှ ဧပြီလ ၂၂ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ၎င်းသင်တန်းတွင် လက်ရှိသင်တန်းသူ၊ သင်တန်းသား ၂၀၀ ကျော်ခန့် တက်ရောက်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)