မိုင်းဆတ်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပ

မိုင်းဆတ် မေ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် (၃၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ကဗျာ၊ ပိုစတာ၊ ကွန်ပျူတာပန်းချီနှင့် ဆောင်းပါးပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(မိုင်းဆတ်)၊ မြတ်ပညာခန်းမတွင် ကျင်းပသည်။

ဦးစွာ ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယရဲမှူး စိုးသူရ(မူးယစ်တပ်ဖွဲ့စု-၂၉)တို့က ပြိုင်ပွဲအမျိုးအစားနှင့် ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြိုင်ပွဲကျင်းပရာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများသို့ ကျောင်းသား၊ ကျောင်းသူ ၂၁ ဦးနှင့် အလွတ်တန်းကဗျာနှင့် ဆောင်းပါးပြိုင်ပွဲသို့ ပြိုင်ပွဲဝင်သုံးဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်လွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအားလွန်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးမြင့်နှင့် တာဝန်ရှိသူတို့က လိုက်လံကြည့်ရှုအားပေးသည်။

အဆိုပါ ပြိုင်ပွဲတွင် ဆုရရှိသူများအား ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်တွင်ကျင်းပမည့် (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)