ကြည့်မြင်တိုင် မေ ၅
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ အစိုးရသစ်ကာလ ရက် (၁၀၀) စီမံချက်ဖြင့် မီးဘေးအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်မှစ၍ မြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်းရှိ ကမ်းနားစျေးနှင့် လေဟာပြင်ညစျေးအတွင်းသို့ မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးရုံးမှ ဦးစီးအရာရှိ ဦးကိုကိုလတ်နှင့် တပ်ဖွဲ့ဝင်များက ကမ်းနားစျေးနှင့် လေဟာပြင်ညစျေးအား မီးဘေးလုံခြုံရေးအတွက် စျေးပိတ်ချိန် မီးဖိုမီးသုံးစွဲထားမှုနှင့် လျှပ်စစ်မီးခလုတ်များ ပိတ်ထားမှု ရှိ / မရှိအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ကြည့်မြင်တိုင်မြို့နယ် မီးသတ်ဦးစီးဌာနသည် မြို့နယ်အတွင်းရှိ ပြည်သူများ မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ရပ်ကွက်များအတွင်းရှိ အိမ်နှင့်စျေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း၊ ဈေးများတွင် မီးဘေးလုံခြုံရေး လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်း၊ အသိပညာပေးဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ရပ်ကွက်များအတွင်း မီးဘေးလုံခြုံရေးအတွက် လိုက်လံဆော်သြခြင်း၊ မီးဘေးကာကွယ်ရေးနည်းလမ်းများကို အသိပညာပေးဆော်သြခြင်း၊ ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပြုခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခိုင်ဇာလင်း (ပြန်/ဆက်)