စဉ့်ကိုင် မေ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်ပြီး စာပေဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ အေရိုးဗစ်သင်တန်း (အခမဲ့)ကို မေလ ၅ ရက်နေ့ နံနက် ၉ နာရီမှ စတင်ကာ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
သင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ် ချက်များကို ရှင်းလင်းဆွေးနွေးရာတွင် လူငယ်မောင်မယ်များအတွက် နွေရာသီကျောင်းပိတ်ရက်များကို တန်ဖိုးရှိစွာဖြတ်သန်းစေလိုပါကြောင်း၊ အားလပ်ချိန်များကို အသိပညာ၊ အတတ်ပညာများ ဆည်းပူးလေ့ကျင့်ရန်လိုအပ်ပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသားလူငယ်များအကျိုးပြုစေမည့် သင်တန်းများ၊ ပြပွဲ၊ပြိုင်ပွဲများကို လစဉ်ဖွင့်လှစ်ပေးခဲ့ရာ ယခုအခါ အေရိုးဗစ်သင်တန်းကို (အခမဲ့)ဖွင့်လှစ်လျက်ရှိပြီး နောင်တွင်လည်း ယခုလို ပြည်သူအကျိုးပြု သင်တန်းများကို စဉ်ဆက်မပြတ် ဆက်လက်ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် ကျွမ်းကျင်(၃) (ရုပ်သံ) ဒေါ်အေးအေးသီက သင်တန်းသား၊ သင်တန်းသူတို့အား အေရိုးဗစ်လေ့ကျင့်ခန်းများကို နံနက် ၈ နာရီမှ ၁၀နာရီအထိလက်တွေ့ပို့ချ သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အေရိုးဗစ်သင်တန်းကို မေလ ၅ ရက်နေ့မှ မေလ ၇ ရက်နေ့အထိ ၃ ရက်ကြာ (အခမဲ့) ဖွင့်လှစ်ပို့ချ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်) (၃၉၉)