ရန်ကုန် မေ ၅
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စီမံခန့်ခွဲရေးဝန်ထမ်းအဆင့် (၁) လုပ်ငန်းခွင်ဝင်သင်တန်း (၁/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအထွေထွေအုပ်ချုပ်ရေးဝန်ထမ်းဟောင်းများ အသင်းမှတာဝန်ရှိပုဂ္ဂိုလ်များ၊ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သတ်မှတ်ထားသည့် သင်တန်းစည်းကမ်းများနှင့်အညီ စနစ်တကျလိုက်နာပြီး သင်ကြားပို့ချမှုများကို အလေးထားမှတ်သားနာယူသွားကြရန်၊ အရည်းအချင်းပြည့်ဝသည့် နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်ရန် မိမိကိုယ်ကို ဖြည့်ကျင့်မှုများပြုလုပ်ကြရန်၊ ကိုယ်ကျင့်တရားကောင်းမွန်ပြီး မိမိထက်ဂုဏ်ပညာကြီးသူများ၏ ဆုံးမမှုများကို နာခံတတ်ကာ ကြိုးစားကြရန်၊ တစ်ဦးချင်း ခေါင်းဆောင်နိုင်စွမ်းရှိရေးအားထုတ်သလို အများနှင့်စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အထကိုလည်း ပျိုးထောင်နိုင်ရေး ကြိုးစားအားထုတ်ကြရန် စသည်တို့ကိုပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက စီမံခန့်ခွဲရေးဝန်ထမ်းအဆင့် (၁) လုပ်ငန်းခွင်ဝင်သင်တန်း (၁/၂၀၂၆) သင်တန်းတွင် ဆန်၊ ဆီနှင့် သင်တန်းကုန်ကျစရိတ်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့က တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
အဆိုပါ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၁၀၀) ဦးဖြင့် ရက်သတ္တပတ် (၁၀) ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့က ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမ အဝင်/ အထွက်လမ်း လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများက လုပ်ငန်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)