ကျောက်မဲမြို့၌ (၈၀) ပြည့်နှစ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

ကျောက်မဲ မေ ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့တွင် (၈၀)ပြည့်နှစ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့ကျက်သရေဆောင်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောက်မဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးဇော်က (၈၀)ပြည့်နှစ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် ဂုဏ်ပြုမိန့်ခွန်းပြောကြားခဲ့သည်။

ထို့နောက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများပေးအပ်ချီးမြှင့်ခြင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးတို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆုချီးမြှင့်မှုတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း နောင်ပြစ်ကျေးရွာ ချောက်ကမ်းပါး၌ ပြုတ်ကျခဲ့သည့် လူနာအား မိမိအသက်ကိုပဓာနမထားဘဲ စွမ်းစွမ်းတမံကယ်ဆယ်နိုင်ခဲ့သဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ ညွှန်ကြားရေးမှူးချုပ်က ချီးမြှင့်သည့် “လူမှုထူးချွန်တတိယဆု” ဂုဏ်ထူးဆောင်လက်မှတ်ရရှိသူ ကျောက်မဲခရိုင် မီးသတ်စခန်းမှ မီးသတ်တပ်ကြပ်ကြီး သန်းလှိုင်အားလည်းကောင်း၊ ပြည်နယ်အဆင့်ယာဉ်မောင်းသင်တန်းအမှတ်စဉ် (၁/၂၀၂၆)တွင် သင်ခန်းစာများအား ထူးချွန်စွာတက်ရောက်အောင်မြင်ခဲ့ပြီး ပထမဆုရရှိခဲ့သည့် နမ္မတူမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ကြပ်ကြီး ဟိန်းဝင်းထွဋ်အားလည်းကောင်း ဂုဏ်ပြုဆုများပေးအပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဧည့်သည်တော်များ စုစုပေါင်းအင်အား(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)