မြစ်သား မေ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော်နှင့်ဝန်ထမ်းများသည်၊ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နံနက် ၇ နာရီက မင်းကုန်းရပ်ကွက်၊ မင်းကုန်းဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ ဇိနထွဋ်တင်ပုညရှင်ဘုရားစေတီနှင့် ရင်ပြင်တော် စေတီလုံးပတ်တော်အား ရေသပ္ပယ်ခြင်းနှင့် ရင်ပြင်တော်သန့်ရှင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော် ဦးဆောင်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦးနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင် ၃၀ ဦး စုစုပေါင်း ၅၀ ဦးတို့သည် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇိနထွဋ်တင်ပုညရှင်ဘုရားစေတီ ရေသပ္ပယ်ခြင်း၊ ရင်ပြင်တော် အာရုံခံတန်ဆောင်းများနှင့် ဘုရားပတ် လမ်းတစ်လျှောက်တွင် အမှိုက်လှဲကျင်းခြင်း၊ ရေဆေးကြောသန့်စင်ခြင်းများဆောင်ရွက်ခြင်းနှင့် မင်းကုန်းဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ ခြုံနွယ်များရှင်းလင်းခြင်း၊ သစ်ပုံများနေရာပြောင်းရွှေ့ခြင်းများပြုလုပ် ၍စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ နှစ်(၈၀)ပြည့်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် သံဃာတော်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်းသိရသည်။
ဝါဝါမြင့် (မြစ်သား)