မိုးနဲမြို့နယ်တွင် တောင်သူများအား သီးနှံများပန်းတိုင်ထွက်နှုန်းရရှိရေး အသိပညာပေးဟောပြော

မိုးနဲ မတ် ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ယမန်နေ့နံနက် ၁၀ နာရီအချိန်က မိုက်ဟိုင်းကျေးရွာအုပ်စု၊ နမ့်မော်လေကျေးရွာတွင် တောင်သူများအား စိုက်ပျိုးပညာပေးဝန်ထမ်းများက သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး ပညာပေးဟောပြောခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်မော်ဦးက သီးနှံများ၏ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် သွင်းအားစုများ ဖြန့်ဖြူးထားမှု အခြေအနေများကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ယဉ်မင်းထွေးက သီးနှံများ ပန်းတိုင်အထွက်နှုန်းများရရှိစေရေး နည်းလမ်းများ၊ သဘာဝမြေဩဇာပြုလုပ်သုံးစွဲရေးနှင့် ဓာတ်မြေဩဇာသုံးစွဲရာတွင် သတိပြုရမည့်အချက်များကိုလည်း‌ကောင်း ရှင်းလင်းဟောပြောပြီး တက်ရောက်လာသော တောင်သူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း‌ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)