မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် အခြေခံဘောလုံးသင်တန်းနှင့်ဆက်စပ်အားကစားနည်းများ အခြေခံသင်တန်းဖွင့်ပွဲ တက်ရောက်

ချမ်းအေးသာစံ  မေ ၅

နိုင်ငံတော်သမ္မတ၏လမ်းညွှန်ချက်အရ အားကစားကဏ္ဍမြင့်မားရေးနှင့်ပတ်သက်၍  Football for School Programme နှင့် Smart School ကို အားကစားရေးရာဝန်ကြီးဌာန၊ပညာရေးဝန်ကြီးဌာန၊ လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်း၍ ရက်ပေါင်း(၁၀၀)အတွင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောင်းများတွင် ရှေ့ပြေးစီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ Football for School အစီအစဉ်ဖြင့်အခြေခံဘောလုံးသင်တန်းနှင့် ဆက်စပ်အားကစားနည်းများ အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးမိုးလုံလေလုံအားကစားခန်းမတွင်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့်ဆရာဆရာမများ၊ သင်တန်းသားသင်တန်းသူ အခြေခံပညာကျောင်းများမှ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသားကျောင်းသူ(၁၅၀၀) တက်ရောက်ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍ ပိုမိုမြှင့်တင်နိုင် ရေးတွင်  အားကစားလှုပ်ရှားဆောင်ရွက်မှု၏ အခန်းကဏ္ဍတစ်ရပ်ပါဝင်ရာ ယခုလို Football For School Programme နှင့် Smart School ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ လူငယ်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ အားကစားမြှင့်တင်ရေးနှင့် ဘောလုံးအားကစားအဆင့်အတန်း ပိုမိုတိုးတက်ရေးအတွက် ရည်ရွယ် ကျင်းပခြင်းဖြစ်ပါကြောင်း၊ သင်တန်းများမှတစ်ဆင့် ပြိုင်ပွဲများတွင် ပါဝင်ယှဉ်၌ပြိုင်စေကာ ကျန်းမာသန်စွမ်း၍ ဉာဏ်ပညာများဖွံ့ဖြိုးပြီး ထူးချွန်ထက်မြတ်သည့် အားကစားသမားကောင်းများကို မွေးထုတ်ပေးခြင်းဖြင့် မြန်မာ့ဘောလုံးအားကစားအဆင့်အတန်း ပိုမိုတိုးတက်ရေးတွင် များစွာ အထောက်အကူပြုလာမည်ဖြစ်ပါကြောင်း၊ အားကစားနည်းအခြေခံသင်ခန်းစာများကို သေချာလေ့လာသင်ယူကစားသွားရန်လိုအပ်ပါကြောင်း၊ အခြေခံပညာကျောင်းများတွင် အားကစားနှင့်ပတ်သက်ပြီးလိုအပ်သည့် အားကစားကွင်းများနှင့် အားကစားအထောက်အကူပြုပစ္စည်းများကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ အခြေခံပညာကျောင်းများတွင် ဘောလုံးသင်တန်းများဖွင့်လှစ်နိုင်ရေး၊ နည်းပြမွမ်းမံသင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ မျိုးဆက်သစ်အားကစားသမားအသစ်များ ရွေးချယ်နိုင်ရေး၊အားကစား ပြိုင်ပွဲများကျင်းပနိုင်ရေး အတူတကွပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်းပြောကြားပြီး Football for School အစီအစဉ်ဖြင့် အခြေခံဘောလုံးသင်တန်းနှင့်ဆက်စပ်အားကစားနည်းများအခြေခံသင်တန်းကို ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သင်တန်းအထောက် အကူပြုပစ္စည်းများနှင့် ထောက်ပံ့ငွေများကိုပေးအပ်ရာ တာဝန်ရှိသူများက  လက်ခံရယူပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းအလိုက် သင်တန်းသားသင်တန်းသူများနှင့် နည်းပြများအား လိုက်လံနှုတ်ဆက်ခဲ့ကြောင်းနှင့် တိုင်းဒေသကြီးအတွင်း ဘောလုံးအားကစားနည်းအပါအဝင် အခြားဆက်စပ်အားကစားနည်း(၁၅)နည်းကို နွေရာသီကျောင်းပိတ်ရက်တွင်သာမက ကျောင်းဖွင့်ရက်များတွင် အခြေခံပညာကျောင်းများ၌ ဆက်လက်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)