တာမွေ မေ ၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့တို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သော နွေရာသီကွန်ပျူတာသင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က အဆိုပါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တာမွေမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ သင်္ဃန်းကျွန်းခရိုင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စည်သူက မုဒိတာစကားပြောကြားခဲ့ပြီး မြို့နယ်ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့သို့ ရန်ပုံငွေ ကျပ်တစ်သိန်း ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် သင်တန်းနည်းပြဆရာက သင်ခန်းစာ ပို့ချချက်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က သင်တန်းနည်းပြဆရာများအား အမှတ်တရလက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက် တာမွေမြို့နယ် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲခေါင်က သင်တန်းဆင်းလက်မှတ်များအား ပေးအပ်ချီးမြှင့်ခဲ့ရာ သင်တန်းသား/ သူများကိုယ်စား သင်တန်းသား တစ်ဦးက လက်ခံရယူခဲ့ပြီး သင်တန်းသား/ သူများကိုယ်စား သင်တန်းသား မောင်မျိုးမင်းအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ နွေရာသီကွန်ပျုတာသင်တန်းကို ၂၀၂၆ ခုနှစ် ဧပြီလ (၆) ရက်နေ့မှ မေလ (၄) ရက်နေ့အထိ အခမဲ့ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူ၊ လူငယ်လူရွယ်လေးများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကွန်ပျူတာနည်းပညာနှင့်ပတ်သက်သည့် အခြေခံသဘောသဘာဝများကို သိရှိနားလည်ပြီး လက်တွေ့ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနိုင်စေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ဖွင့်လှစ်သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း သိရသည်။
နိုင်လင်းအောင် (ပြန်/ဆက်)