နမ့်စန်(တ) မေ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော Football For School Program အရပြုလုပ်သည့် ဘောလုံး၊ လက်ဝှေ့နှင့် စစ်တုရင် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက အမှတ်(၅)ရပ်ကွက်ရှိ မြို့နယ် ကျောက်တိုင်အားကစားကွင်းတွင်ကျင်းပခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်၊ မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်း နှင့် ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားနည်းပြများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဖွင့်ပွဲတက်ရောက်လာကြသော အကြီးအကဲများနှင့်အတူ သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် သင်တန်းသား သင်တန်းသူများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။
ဆက်လက်၍ မြန်မာ့သိုင်းသရုပ်ပြခြင်းနှင့် လက်ဝှေ့သရုပ်ပြသခြင်း အစီအစဉ်များကို ဆောင်ရွက်ခဲ့ကြပြီး သရုပ်ပြသသည့်အဖွဲ့များနှင့် ဘင်ခရာတပ်ဖွဲ့တို့ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးလွင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့သည်။
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေးဟူသော ဦးတည်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အားကစားကို ချစ်မြတ်နိုးသော မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အဆိုပါ ဘောလုံး၊ လက်ဝှေ့နှင့် စစ်တုရင်သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပြီး မေလ ၂၂ ရက်နေ့ ထိဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကာ နမ့်စန်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ သင်တန်းသားသင်တန်းသူ(၂၀၀)ဦး တက်ရောက်လျက်ရှိကြောင်း မြို့နယ်အားကစားမှူး ဦးစောနိုင်ဝင်းထံမှ သိရသည်။
သူရအောင်(နမ့်စန်)