ဇမ္ဗူသီရိ ဇန်နဝါရီ ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအတွက် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်မည့် ငွေလုံးငွေရင်း ပြင်/ထိန်း လုပ်ငန်းများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီ က ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (ကိုယ်စား) ဦးကျော်ထွေး က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်ဦး က မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ် ဆရာ/ဆရာမကြီးများ၊ ကျောင်းအကျိုးတော်ဆောင်များ အားလုံး ပညာရေးဆိုင်ရာကဏ္ဍများကို ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြား ခဲ့သည်။
ဆက်လက်၍ ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးငြိမ်း က မြို့နယ်အတွင်းရှိ အခြေခံကျောင်းများအလိုက် ဆောင်ရွက်ရမည့် ပြင်/ထိန်း လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ် ဆရာ/ဆရာမကြီးများ၊ ကျောင်းအကျိုးတော်ဆောင်ကော်မတီ ဥက္ကဋ္ဌများက ကျောင်းအလိုက် လိုအပ်လျက်ရှိသည့် ပြင်/ထိန်းလုပ်ငန်း များအား အကျယ်တဝင့်ဆွေးနွေး တင်ပြခဲ့ကြကြောင်း သိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)