ရန်ကုန် မေ ၅
နိုင်ငံတော်သမ္မတ၏ ၂.၅.၂၀၂၆ ရက်နေ့ ခရီးစဉ်လမ်းညွှန်ချက်များအပေါ် လိုက်နာအကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကားပြောကြားရာတွင် ရန်ကုန်မြို့တော်စနစ်တကျရှိစေရေး မြို့အင်္ဂါရပ်နှင့် ညီညွတ်စေရေးအတွက် လမ်းဘေး ဝဲ/ ယာတစ်လျှောက်ရှိ လျှပ်စစ်မီးတိုင်များနှင့် မီးကြိုးများစနစ်တကျရှိရန်၊ လျှပ်စစ်မီးတိုင်များတွင် ဆက်သွယ်ရေးကြိုးများ ရှုပ်ထွေးမှုများမှာ မြို့နေရာအနှံပေါ်ပေါက်နေသဖြင့် အဆိုပါကြိုးများအား သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများ၊ ဆက်သွယ်ရေးကုမ္ပဏီများပူးပေါင်း၍ (Under Ground Cable Network) ချိတ်ဆက်မှုစနစ်ကို အမြန်ပြင်ဆင် အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ရပ်ကွက်နှင့်လမ်းများအတွင်း ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေစီးသည့်ပမာဏ (Water Volume) ချိန်ဆခြင်း ရေမြောင်းများအတွက် (Survey) တိုင်းတာခြင်းတို့ကို နည်းပညာတက္ကသိုလ်မှ ကျောင်းသား/ သူများ အကူအညီရယူ၍ ကွင်းဆင်းပူးပေါင်းစိစစ်ရန်၊ မြောင်းများ ပိတ်ဆို့ခြင်းမဖြစ်စေရေး ရေစီးလမ်းကြောင်းတစ်လျှောက် ဖြောင့်ဖြူးစေရေးအတွက် မသင့်လျှော်သော မလိုအပ်သည့် လူကူးတံတားများ သစ်ပင်များရှင်းလင်းခြင်းတို့ကို ဦးစားပေးလုပ်ငန်းအဖြစ် အမြန်ဆောင်ရွက်ရန်၊ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရာ၌ မြောင်းအကျယ် တစ်သမတ်တည်းဖြစ်စေရေးအတွက် သက်ဆိုင်ရာဌာနများမှ ဒီဇိုင်းရေးဆွဲ အတည်ပြုဆောင်ရွက်ရန်၊ မြို့သာယာလှပရေးအတွက် လမ်းဘေးတစ်လျှောက်ရှိ သစ်ပင်ကြီးများအား မိုးမကျမီ အလင်းဖွင့်ခြင်းအပါအဝင် သာယာလှပရေးအတွက် ဘက်ပေါင်းစုံမှ စဉ်းစားဆောင်ရွက်ရန်၊ လမ်းမကြီးများ ဝဲ/ ယာတစ်လျှောက်နှင့် ရပ်ကွက်များအတွင်း အမှိုက်များမရှိစေရေး နေ့စဉ်ကြပ်မတ်ဆောင်ရွက်ရန်၊ မြို့နယ်အလိုက် လူဦးရေနှင့်ညီမျှသည့် အပန်းဖြေပန်းခြံများတည်ဆောက်ရေးအတွက် သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ဒီဇိုင်းရေးဆွဲအမြန်တင်ပြရန်၊ လမ်းနယ်နိမိတ်များပေါ်တွင်လည်းကောင်း လမ်းဘေးပလက်ဖောင်းများပေါ်တွင်လည်းကောင်း ကျူးကျော်ခြင်း၊ ဆိုင်ဖွင့်ခြင်း အဆောက်အဦးဆောက်လုပ်ခြင်းများ လုံးဝမရှိစေရေး တာဝန်ရှိသူအသီးသီးမှ ဥပဒေနှင့်အညီ စိစစ်ဖယ်ရှားဆောင်ရွက်ရန်၊ ဂုံးကျော်တံတား အဆင်းနေရာများတွင် ပြေပြစ်စေရေး ပေ (၅၀) (AC) ခင်းခြင်းအပါအဝင် (Slop) ပြေအောင် ပြင်ဆင်ဆောင်ရွက်ရန်၊ လမ်းကွန်ကရစ်များလောင်းပါက ဓာတ်တိုင်များထည့်သွင်းလောင်းခြင်းမပြုလုပ်ရန်နှင် နိုင်ငံတော်၏ ဘတ်ဂျက်ကုန်ကျစရိတ်များ မဆုံးရှုံးစေရေး အထူးသတိပြုကြပ်မတ်ဆောင်ရွက်ရန်၊ ဂုံးကျော်တံတားအသစ် ထပ်မံတည်ဆောက်ရန်၊ လျာထားသောနေရာများ သက်ဆိုင်ရာဌာနများမှ စနစ်တကျ ဒီဇိုင်းရေးဆွဲအတည်ပြုနိုင်ရေးတင်ပြရန်၊ လှိုင်သာယာနှင့် ရွှေပြည်သာတို့တွင် အဆင့်မီဘောလုံးကွင်းနှင့် ပန်းခြံများတည်ဆောက်နိုင်ရေး သက်ဆိုင်ရာဌာနများမှ နေရာ/ ပုံစံ အမြန်စိစစ်ရေးဆွဲတင်ပြရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုအားနည်းနေကြောင်း တွေ့ရှိရသဖြင့် တာဝန်ရှိအဖွဲ့အစည်းများမှ ပူးပေါင်းလျက် လူကူးမျဉ်းကြားများမှ စနစ်တကျသွားလာစေရေး၊ စည်းကမ်းမဲဘတ်စကားများနှင့် တက္ကစီများ စစ်ဆေးရေးယူရေး၊ ယာဉ်လမ်းကြောင်းများ၊ လမ်းအမှတ်အသားများ၊ လမ်းညွန်ဆိုင်းဘုတ်များ စနစ်တကျရှိစေရေး အမြန်ဆောင်ရွက်ရန်၊ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး (Town Plan) ရေးဆွဲရာ၌ လယ်မြေများအား မထိစေဘဲ မြို့ပြအဆင့်တိုးမြှင့်ခြင်းကို စနစ်တကျရေးဆွဲတင်ပြရန်၊ အမှတ် (၄) လမ်းမကြီးပေါ်ရှိ ကွန်ပျူတာတက္ကသိုလ်အား စီးပွားရေးတက္ကသိုလ် ရွာသားကြီးကဲ့သို့ (Landscape) ဆောင်ရွက်ခြင်း၊ အလင်းဖွင့်ခြင်းတို့ကို အမြန်ဆောင်ရွက်ရန်စသည်တို့ကို သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများအား အသေးစိတ်ထပ်ဆင့်ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာကြသူများက လုပ်ငန်းစဉ်များကို အသီးသီးဆွေးနွေး ရှင်းလင်းတင်ပြခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက တင်ပြချက်များနှင့်စပ်လျဉ်း၍ လုပ်ငန်းကဏ္ဍများအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)