တာချီလိတ် မေ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မိုးတွင်းကာလ ရေကြီးရေလျှံမှုအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ဦးစွာ စစ်ဗျူဟာ(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်းက အဖွင့်အမှာစကားပြောကြားကာ မြို့နယ်စည်ပင်သာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က လာမည့်မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ လျော့နည်းသက်သာစေရေးအတွက် တာချီလိတ်မြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းနေသော ရေချောင်းများ၊ ရေနုတ်မြောင်းများနှင့် ပုန်းထွန်ရပ်ကွက်၊ အလူရာဟိုတယ်အနီးရှိ ပင်မရေထွက်မြောင်းနှစ်ခုအား ရေလမ်းကြောင်းရှင်းလင်း၍ ရေစီးရေလာကောင်းမွန်စေရေးအတွက် သဲ၊ နှုံး၊ အမှိုက်များအား စက်အင်အား၊ လူအင်အားများဖြင့် ဆယ်ယူနေမှုအခြေအနေများ၊ ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းလျာထားချက်များအား ရှင်းလင်းတင်ပြပြီး အစည်းအဝေးသို့ တက်ရောက်လာသည့် အမှတ်(၂) သတ္ထုတွင်းလုပ်ငန်း လက်ထောက်မန်နေဂျာ ဦးတင်မောင်သန်း၊ မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရေကြီးရေလျှံမှု ကြိုတင်ကာကွယ်ရေးအတွက် မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်းက လိုအပ်ချက်များအား ပေါင်းစပ်ဆောင်ရွက်နိုင်ရေး ဖြည့်စွတ်မှာကြား ခဲ့သည်။
ထို့နောက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာမျိုး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော အဖွဲ့ဝင်များက စည်ပင်သာယာရေးဌာနအနီးရှိ မယ်ခေါင်ချောင်း၊ ဆန်ဆိုင်း (ခ)ရပ်ကွက်၊ သင်္ဘောဟိုတယ်အနီးရှိ နမ့်ယွန်းချောင်းနှင့် ပုန်းထွန်ရပ်ကွက်၊ အလူရာဟိုတယ်အနီးရှိ ပင်မရေထွက်မြောင်းများအတွင်း သဲ၊ နှုံး၊ အမှိုက်များ ဆယ်ယူရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)