ပုဗ္ဗသီရိ မေ ၅
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း မေလ ၃ ရက်နေ့ ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လူနေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းက ပုဗ္ဗသီရိမြို့နယ်ရှိ ဘဲကုန်းကျေးရွာဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ရာအခမ်းအနားသို့ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဦးမင်းဦးနှင့် ဦးထွန်းထွန်း၊ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစဝီလီရန်ဖရန့်၊ ပုဗ္ဗသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် တာဝန်ရှိသူများ၊ လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လူနေအိမ်များမှ အိမ်ထောင်စုဝင်များ တက်ရောက်သည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဦးမင်းဦးနှင့် ဦးထွန်းထွန်းတို့က သဘာဝဘေးအန္တရာယ်ကြောင့် ယခုကဲ့သို့ အိုးအိမ်များ ထိခိုက်ပျက်စီးခဲ့ရသည့်အပေါ် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏အခက်အခဲများကို အမြန်ဆုံးကုစားပေးနိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စီစဉ်ထားရှိမှုအခြေအနေများ၊ ပျက်စီးသွားသည့် လူနေအိမ်များအား အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေးအတွက် သက်ဆိုင်ရာများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားမည့် အစီအမံများကို အသီးသီးရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစဝီလီရန်ဖရန့်က လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လူနေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဦးမင်းဦးနှင့် ဦးထွန်းထွန်းတို့က ဘဲကုန်းကျေးရွာအတွင်းရှိ နေအိမ်ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်များအတွက် တစ်အိမ်လျှင် ငွေကျပ်တစ်သိန်းနှုန်းနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်များအတွက် တစ်အိမ်လျှင်ငွေကျပ်ငါးသောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၆၅၀၀၀၀ (တစ်ဆယ့်ခြောက်သိန်းငါးသောင်း)အား ပေးအပ်ရာ လေးဘေးသင့်ပြည်သူများက လက်ခံရယူခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်အနေဖြင့် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘဲကုန်းကျေးရွာတွင် နေအိမ်ပြိုကျပျက်စီးခဲ့သည့် လူနေအိမ် ၂၉ လုံးနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည့် လူနေအိမ်နှစ်လုံးရှိပြီး သပြေတန်းကျေးရွာတွင် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ်နှစ်လုံးရှိကြောင်း နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)