ချမ်းအေးသာစံ မေ ၅
၂၀၂၆ ခုနှစ်၊ ယနေ့မေလ ၅ ရက်နေ့တွင်ကျရောက်သော ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၏နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို မန္တလေးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ တက်ရောက်ခဲ့သည်။
ဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အင်အားပြင်းမန္တလေးငလျင်ကြီး လှုပ်ခတ်မှုဖြစ်စဥ်တွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသော တပ်ဖွဲ့ဝင်များအား စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ခြင်း၊ စံပြအမြန်လမ်း မီးသတ်စခန်းဆုရရှိသူများ၊ ဌာနတွင်းသင်တန်းများနှင့် ပြင်ပဌာနများတွင် ဆုရရှိသူများ၊ ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသူများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများကို ထိုက်ထိုက်တန်တန် ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနတို့ ဆောင်ရွက်ခဲ့သည့်လုပ်ဆောင်ချက်များအား Video Clip များပြသခဲ့ပြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းအစိုးရအဖွဲ့ဝန်ကြီးများက မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းကိရိယာများ ခင်းကျင်းပြသထားမှုနှင့် 191 Report Mobile Application အားလှည့်လည်ကြည့်ရှုခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအဆင့် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်းနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)