ထန်းတပင်မြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများနှင့် Biometric ကောက်ယူကာ နိုင်ငံသားကိုယ်ရေးအချက်အလက် (UID) ထုတ်ပေးခြင်းလုပ်ငန်းများ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေး

ထန်းတပင် မေ ၅

နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများနှင့် Biometric ကောက်ယူကာ နိုင်ငံသားကိုယ်ရေးအချက်အလက် (UID) ထုတ်ပေးခြင်းလုပ်ငန်းများကို မေ (၃) ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ စန္ဒယော်ကျေးရွာတွင် တာဝန်ရှိသူများက မြေပြင်ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြသည်။

ကွင်းဆင်းဆောင်ရွက်ပေးရာတွင်လည်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရက် (၁၀၀) စီမံချက်ဖြင့် စန္ဒယော်ကျေးရွာ နေပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်း ထုတ်ပေးခြင်းလုပ်ငန်းများ၊ ကျေးရွာအတွင်း အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေသည့် အသက် (၁၈) နှစ်ပြည့်ပြီး ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများနှင့် Biometric ကောက်ယူ၍ နိုင်ငံသားကိုယ်ရေးအချက်အလက် (UID) ထုတ်ပေးခြင်းလုပ်ငန်းများကို ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ထန်းတပင်မြို့နယ်အတွင်း နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် အိမ်ထောင်စုလူဦရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric ကောက်ယူ၍ UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများအလိုက်ဧပြီလ (၂၀) ရက်နေ့မှစတင်၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး နေ့စဥ်ရပ်ကွက်၊ ကျေးရွာများအလိုက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။

ဇင်မင်းထိုက် (ထန်းတပင်)