မှော်ဘီမြို့နယ်၌ ​နွေရာသီအင်္ဂလိပ်စာ SUMMER ENGLISH COURSE Graduation Ceremony သင်တန်းဆင်းပွဲနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မှော်ဘီ မေ ၅

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ရပ်ကွက်ကျေးရွာစာကြည့်တိုက်များ စဉ်ဆက်မပြတ်ရှင်သန်ခိုင်မာစေရန် မော်ပီဆရာသိန်းစာကြည့်တိုက်တွင် နွေရာသီအင်္ဂလိပ်စာ SUMMER ENGLISH COURSE Graduation Ceremony သင်တန်းဆင်းပွဲနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မော်ပီဆရာသိန်းစာကြည့်တိုက်ခန်းမတွင် ကျင်းပခဲ့သည်။

ဦးစွာ ​မှော်ဘီမြို့နယ် မော်ပီဆရာသိန်းစာကြည့်တိုက် စောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်သီရိနေလင်းက အဖွင့်အမှာစကားပြောကြား၍ စာရေးဆရာဦးထွန်းအောင်ရင်မှ မုဒိတာစကားပြောကြားကာ “ကမ္ဘာဇ”အင်္ဂလိပ်စာသင်တန်းကျောင်းမှ သင်တန်းဆရာဦးမျိုးမြင့်(ဆရာကော)မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ပြောကြားခဲ့ပြီး မြို့နယ်စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးနေလင်းက မုဒိတာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစန်းဝင်းက ပညာသင်ကြားချိန် ငယ်ရွယ်စဉ်ကာလ၌ ပညာကို ဇွဲရှိရှိဖြင့် လေ့လာသင်ကြားမှတ်သားကြရန် လိုအပ်ပါကြောင်းနှင့် နွေရာသီကျောင်းပိတ်ရက်ကာလ၌ လူငယ်များအား အကျိုးရှိစေမည့် အင်္ဂလိပ်စာသင်တန်းများကို သင်ကြားခွင့်ရချိန်၌ စနစ်တကျလေ့လာမှတ်သားကြရန်၊ လူငယ်များအား ခေတ်နှင့်အညီ ရင်ပေါင်တန်းနိုင်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ပုံဖော်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားကာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာ​မောင်ချိုဝေက လူငယ်များအတုယူဆောင်ရွက်နိုင်ရန် အသိပညာဗဟုသုတရရှိစေမည့် အကြောင်းအရာများအား ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းဆင်းပွဲသို့ တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူ လူငယ်များ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော လူငယ်အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဝင်းဇော် မြို့နယ် (ပြန်/ဆက်)