ကော့မှူး မေ ၅
ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အဆင့်မြှင့်ပန်းချီ၊ ဂျပန်စကားပြော သင်တန်းဆင်းပွဲ နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က လူငယ်၊ လူရွယ်များ ကျောင်းပိတ်ရက်ကာလတွင် အသိပညာ၊ အတတ်ပညာများ ဖွံ့ဖြိုးတိုးတက်ပြီး၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဘက်စုံထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဖြစ်ထွန်းပေါ်ပေါက်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာအုပ်စာပေများ လေ့လာဖတ်ရှုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ သင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပန်းချီပညာရှင် ဦးနေနွယ်အောင်၊ ဂျပန်စကားပြော သင်တန်းဆရာ ဦးစည်သူကျော်တို့က ဆုများရွေးချယ်ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က သင်တန်း ဆရာ/ ဆရာမများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့နောက် အဆင့်မြှင့်ပန်းချီနှင့် ဂျပန်စကားပြောသင်တန်းများတွင် ပထမဆု၊ ဒုတိယဆု တတိယဆု ရရှိသူများကို တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)