ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ Pilot Project အစီအစဉ်ဖြင့် Football For School Program အရ ဖွင့်လှစ်သည့် ဘောလုံးသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန် မေ ၅

ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ Pilot Project အစီအစဉ်ဖြင့် Football For School Program အရ ဖွင့်လှစ်သည့် ဘောလုံးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ MFF Futsal Stadium ၊ သုဝဏ္ဏတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီဝင်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ဘောလုံးဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှ ရရှိလာစေမည့် နည်းစနစ်နှင့် ကျွမ်းကျင်မှုများကို အခြေခံပြီး အဆင့်မြင့်အားကစားပညာရပ်များကို ဆက်လက်လေ့လာလိုက်စားကြရန်၊ နည်းပြဆရာများကလည်း စေတနာအပြည့်အဝထားပြီး လူငယ်များကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သွားအောင် သင်ကြားပေးသွားကြရန်၊ ယခုလို အားကစားသင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် အဖက်ဖက်မှတာဝန်ယူ ကူညီဆောင်ရွက်ပေးကြသည့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း စသည်တို့ကိုပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အဖွဲ့က သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အဖွဲ့က ဘင်ခရာအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ပြီး သင်တန်းသား၊ သင်တန်းသူများအား အားကစားအထောက်အကူပြုပစ္စည်းများကို ပေးအပ်သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အဖွဲ့က သင်တန်းသား၊ သင်တန်း သူများအား သင်တန်းပို့ချနေမှုများကို ကြည့်ရှုအားပေးသည်။

အဆိုပါသင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၂၀၀၀) ဦးဖြင့် ၂၀၂၆ ခုနှစ်၊ မေလ (၄) ရက်နေ့မှ ဇူလိုင်လ (၁၀) ရက်နေ့အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)