တနိုင်းမြို့ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ  လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တနိုင်း         မေ   ၅

တနိုင်းမြို့နယ် ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များနှင့် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မေလ ၂ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ  ဦးမိုးဇော်လင်းက ဒေသဖွံ့ဖြိုးရေး အတွက်ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များနှင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပေါင်းစပ် ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းဆွေးနွေးပြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ကို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မီမီကျော်ထွန်း၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကောင်ဆိုင်းလတို့က လွှတ်တော်အတွေ့အကြုံများနှင့် တနိုင်းခရိုင် အတွင်းပညာ‌ရေး၊ ကျန်းမာရေးကဏ္ဍများ၊ စိုက်ပျိုးမွေးမြူရေး၊ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ထုတ် လုပ်မှုများ၊ လျှပ်စစ်ဓါတ်အားစွမ်းအင်ရရှိရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် အသီးသီးဆွေးနွေးပြောကြားခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးအောင်စိုးနှင့် တက်‌ရောက် လာသည့် ရှမ်း၊နာဂ၊ရဝမ်၊လီဆူစာပေနှင့်ရိုးရာယဉ်ကျေးမှုအသင်းအဖွဲ့များ၊ လူမှုကူညီရေးအသင်း အဖွဲ့များက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြ ဆွေးနွေးကြရာ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များက ဆောင်ရွက် သွားမည့် လုပ်ငန်းအစီအစဉ်များအပေါ် ဖြည့်စွက်‌ ပေါင်းစပ်ဆွေးနွေးခဲ့ကြသည်။

ထို့‌နောက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းများနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရင်းနှီးမြုပ်နှံမှုစီမံကိန်းများအား အကောင်အထည်ဖော်နိုင်ရေးအတွက် ခရိုင် စီမံကိန်း‌ရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌက မြို့နယ်စီမံ ကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

မနောမြေ(တနိုင်း)