ကျောက်ပန်တောင်းမြို့နယ်၌ လွှတ်တော်ဆိုင်ရာအတွေ့အကြုံများရှင်းလင်း

ကျောက်ပန်းတောင်း မေ ၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်ကျောက်ပန်တောင်းမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများတွေ့ဆုံ၍ တတိယအကြိမ် လွှတ်တော်ဆိုင်ရာ အတွေ့အကြုံများ ရှင်းလင်းခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မည့်အခြေအနေများ ညှိနှိုင်းဆွေးနွေးခြင်းကို မေ ၄ ရက် နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး စကားဝါမြေခန်းမတွင် ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်က အဖွင့်အမှာစကား ပြောကြားပြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်မောင်က မိတ်ဆက်စကားပြောကြား၍ တတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ အတွေ့အကြုံများကို ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့်  ဦးဝင်းမြင့်(FPTT) နှင့် ဦးနေလင်း(PR) တို့က  မိတ်ဆက်စကား ပြောကြားကြပြီး၊  တတိယအကြိမ် တိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာအတွေ့အကြုံများ ရှင်းလင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးနှင့် လွှတ်တော်အသံ၊ ပြည်သူ့အသံဟူသည့် ဆောင်ပုဒ်နှင့်အညီ ပြည်သူများထံမှ အပြုသဘောဆောင်သည့် တင်ပြချက်များကို လွှတ်တော်သို့ပြန်လည်တင်ပြ၍ ဒေသဖွံ့ဖြိုးရေးနှင့်ပညာရေး/ကျန်းမာရေးဆိုင်ရာများ တိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားကြသည်။ ယင်းနောက် တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက တင်ပြကြသည်များကိုနားထောင်၍  တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အခမ်းအနားသို့ မြို့နယ်စီမံခန်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်နှင့် ကော်မတီဝင် ဌာနဆိုင်ရာများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်မောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်နှင့် ဦးနေလင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စုစုပေါင်း ၁၃၉ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)