ရန်ကုန် ဧပြီ ၂၂
၂၀၂၅-၂၀၂၆ ခုနှစ်၊ နွေစပါးစံကွက်ရိတ်သိမ်းခြင်း၊ မိုးစပါးအတွက် မျိုးစပါး၊ ဓာတ်မြေဩဇာ၊ တိုက်ရိုက် မျိုးစေ့ချကိရိယာ (Drum Seeder) နှင့် နှစ်ချပ်တွဲဆိုလာ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ သနပ်ပြင်ကျေးရွာ၊ တောင်သူ ဦးအောင်လွင်၏ လယ်မြေတွင် ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ လှည်းကူးခရိုင်အတွင်းရှိ တောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူက အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် လှည်းကူးခရိုင်၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်က လှည်းကူးခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးတင့်နိုင်က စပါးစိုက်ပျိုးမှုအခြေအနေများကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးတင်မောင်ကြည်က တိုင်းဒေသကြီးအတွင်း Drum Seeder များ ဖြန့်ဝေအသုံးပြုမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက လှည်းကူးခရိုင်အတွင်းရှိ တောင်သူများအား မိုးစပါးအတွက် မျိုးစပါး၊ ဓာတ်မြေဩဇာ၊ တိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum Seeder) နှင့် နှစ်ချပ်တွဲဆိုလာများကို ပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့က ပြသထားသည့် Drum Seeder များ၊ စပါးမျိုးစေ့နမူနာများ၊ ဓာတ်မြေဩဇာများ၊ အနိမ့်တင်ဆိုလာ ရေတင်စက်များနှင့် စိုက်ပျိုးရေးသုံးပစ္စည်းများ စသည်တို့ကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့က နွေစပါးစံကွက်အား ရိတ်သိမ်းချွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် ယနေ့ နွေစပါးစံကွက်ရိတ်သိမ်းပွဲတွင် တောင်သူ ဦးအောင်လွင်၏ လယ်မြေကို စိစစ်ရိတ်သိမ်းရာ (၁) ဧကလျှင် အောင်နိုင်တိုးစပါးမျိုး စပါးတင်း အခြောက်ထွက်နှုန်း (၁၃၂.၈၀)တင်း ထွက်ရှိသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် အဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ တံခွန်တိုင်(အင်းစိန်)ကျေးရွာအုပ်စု၊ တောင်သူ ဦးကိုကိုနိုင်၏ လယ်မြေတွင် နွေစပါးစံကွက်အား ရိတ်သိမ်းချွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုနှင့် ပြသထားသည့် စပါးမျိုးစေ့နမူနာများကို ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်းနှင့် ယနေ့ နွေစပါးစံကွက်ရိတ်သိမ်းပွဲတွင် တောင်သူ ဦးကိုကိုနိုင်၏ လယ်မြေကို စိစစ်ရိတ်သိမ်းရာ (၁) ဧကလျှင် ထိုင်းကောက်ညှင်းစပါးမျိုး စပါးတင်းအခြောက်ထွက်နှုန်း (၁၃၇.၀၄) တင်း ထွက်ရှိသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်အဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ တံခွန်တိုင်(အင်းစိန်)ကျေးရွာအုပ်စု၊ ပိုင်ရှင် ဦးကိုကိုနိုင်၏ ဘဲခြံတွင် ဘဲအကောင်ရေ(၅၀၀)ကောင် မွေးမြူထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)