မဟာအောင်မြေ မေ ၄
မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၂)မူလတန်းကြိုကျောင်း၌ ကျောင်းပြန်လည်ဖွင့်လှစ်ခြင်းနှင့် ယာယီစာသင်ဆောင်အသစ် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ မန္တလေးတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဒေါက်တာလှကြွယ်က ကျောင်းပြန်လည်ဖွင့်လှစ်ခြင်းနှင့် ယာယီစာသင်ဆောင်အသစ် လွှဲပြောင်းပေးအပ်ခြင်းနှင့်ပတ်သက်၍ ပြောကြားရာတွင် ၂၀၂၅ခုနှစ်၊ မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် အမှတ်(၂) မူလတန်းကြိုကျောင်းရှိ စာသင်ဆောင် ပြိုကျပျက်စီးခဲ့တဲ့အတွက်၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ ခေတ္တကျောင်းပိတ်ခဲ့ရပြီး ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာ ကျောင်းပြန်လည်ဖွင့် လှစ်နိုင်ခဲ့ကြောင်း၊ ဖွံ့ဖြိုးမှု(၅)ရပ်ဖြစ်သည့် ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှု၊ လူမှုဆက်ဆံရေးဆိုင်ရာဖွံ့ဖြိုးမှု၊ စိတ်လှုပ်ရှားခံစားမှုဆိုင်ရာဖွံ့ဖြိုးမှု၊ အသိဉာဏ်ဆိုင်ရာဖွံ့ဖြိုးမှုများနှင့် စာရိတ္တဆိုင်ရာဖွံ့ဖြိုးမှုများရရှိအောင် ပြုစုပျိုးထောင်လေ့ကျင့်ပေးရန်အရေးကြီးကြောင်း၊ ဖွံ့ဖြိုးမှုအားလုံးသည် တစ်ခုနှင့်တစ်ခုဆက်စပ်မှုရှိသဖြင့် ဟန်ချက်ညီညီ ဖွံ့ဖြိုးမှုရရှိဖို့လည်း လိုအပ်ကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဧပြီ(၁၀)ရက်တွင် ကျင်းပခဲ့သည့် တတိယအကြိမ်ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအဝေးတွင် ထိရောက်သည့်မူကြိုကျောင်းများဖြစ်ရန်နှင့် Early Childhood Care and Development ဖြစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ပေးကြရန် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်အရ နိုင်ငံတော်အစိုးရသစ်၏ပထမရက်(၁၀၀) ကာလအတွင်း မူကြိုကျောင်းများအဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုအမှတ်(၂)မူလတန်းကြိုကျောင်းပြန်လည်ဖွင့်လှစ်ခြင်းလုပ်ငန်းသည် နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)ကာလအတွင်း မူကြိုကျောင်းများ အဆင့်မြှင့်တင်ရန်အတွက် မန္တလေးတိုင်းဒေသကြီးအနေဖြင့် ပထမဆုံးဆောင်ရွက်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး လူမှုဝန်ထမ်းစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဆွေဆွေလင်းက မန္တလေးမြေငလျင်ကြီးကြောင့် အမှတ်(၂)မူလတန်းကြိုကျောင်းရှိ စာသင်ဆောင် ၂ ဆောင် အပါအဝင် စုစုပေါင်း အဆောက်အဦး ၃ လုံး၊ ရေစင် ၁ ခုနှင့် အုတ်တံတိုင်းခြံစည်းရိုးများ ပြိုကျပျက်စီးခဲ့ကြောင်း၊ ယခု ၂၀၂၆-၂၀၂၇ပညာသင်နှစ်တွင် World Vision International (Myanmar) မှ အလျား ပေ ၇၀၊ အနံ ၃၅ ပေ အကျယ်အဝန်းရှိ Steel Structure ဖြင့် ဆောက်လုပ်ထားသော အဆောက်အဦအား ပံ့ပိုးကူညီလှူဒါန်းခဲ့ကြောင်း၊ အမှတ်(၂)မူလတန်းကြိုကျောင်း အနေဖြင့်လည်း ကလေးသူငယ်များအား ဖွံ့ဖြိုးမှု ၅ ရပ်၊ သင်ကြားမှုလေးရပ်တို့ဖြင့် သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားပြီး World Vision International (Myanmar)မှ တာဝန်ရှိသူတစ်ဦးက ယာယီစာသင်ဆောင်အသစ်နှင့်စပ်လျဉ်းသည့် စာရွက်စာတမ်းများအား မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။
အောင်ဇော်မင်း