လောက်ကိုင် ဇန်နဝါရီ ၁၅
ရှမ်းပြည်နယ်(မြောက်က်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများ ထုတ်လုပ်သည့် ဆာလဖျူရစ် အက်ဆစ် အရောက်မဲ့အရည် ၁၆၀ လီတာဆံ့ အပြာရောင် ကော်ပုံး ၁၄ ပုံးအား ဒေသတွင်း မြေမြှူပ်ဖျက်ဆီးခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ထင်ပါကျိုင်းကျေးရွာ အုပ်စု၊ လော်တုံကူးကျေးရွာ အနီး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပြုလုပ်ဆောင်ရွက်ရာတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကျောက်တယ်ချန်က မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေနိုင်သော ဆေးဝါးများ ထုတ်လုပ်သည့် ဓာတုပစ္စည်းများနှင့် ဆပ်စပ် ပစ္စည်းများ ဖျက်ဆီးခြင်းနှင့်ပက်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး လောက်ကိုင်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး ငြိမ်းချမ်းအေးက ထိန်းချုပ် ဓာတုဆေးရည်များ မြေမြုပ်ဖျက်ဆီးခြင်းနှင့် ပက်သက်၍ ရှင်းလင်းပြောကြားရာတွင် မြို့နယ်အတွင်း၌ မူးယစ်ဆေးဝါးပပျောက်ရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်နေပြီး မူးယစ်ဆေးဝါး အမှုများ ဖမ်းဆီးရမိကြောင်း၊ ယနေ့ ဖျက်ဆီးသည့် ထိန်းချုပ်ဓာတုဆပ် စပ်ပစ္စည်းများ ဖြစ်သော ဆာလ်ဖျူရစ်အက်ဆစ် ၂၂၃၉.၉၈ လီတာ ကာလတန်ဖိုး ၁၇၉ သိန်းခန့်ရှိကြောင်းနှင့် အန္တရာယ် ကြီးမားသည့် မူးယစ်ဆေးဝါးအန္တရာယ်ကို တိုက်ဖျက်နိုင်ရန် ပြည်သူ လူထုက ပါဝင်ဆောင်ရွက်ကာ ဒေသခံ ပြည်သူများ မူးယစ်ဆေးဝါးကင်းစင်ပြီး လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပူးပေါင်း ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ထိန်းချုပ်ဓာတုဆပ် စပ်ပစ္စည်းများ ဖြစ်သော ဆာလ်ဖျူရစ်အက်ဆစ် ၂၂၃၉.၉၈ လီတာ အား သက်ဆိုင်ရာ တာဝန်ရှိသူများက သတ်မှတ်တူးဖော်ထားသည့် မြေကျင်းအတွင်းသို့ သွန်းချဖျက်ဆီးခဲ့ကြသည်။
အခမ်းအနားသို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးကျောက်တယ်ချန်နှင့် ဒေသဦးစီးအဖွဲ့ အဖွဲ့ဝင်များ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဇော်မင်း၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငွေဒိုးနှင့် မြို့နယ် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်ဇော်အောင် (ပြန်/ဆက်)