မူဆယ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း ဖွင့်လှစ်

မူဆယ် မေ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၆)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မူဆယ်)တွင်ဖွင့်လှစ်သည့် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းဖွင့်ပွဲတွင် မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်းက သင်တန်းဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး၊ သင်တန်းကျောင်းအုပ် ဒေါ်နန်းစောရင်က သင်တန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့သည်။ အခမ်းအနားအပြီးတွင် တက်ရောက်လာသော ဧည့်သည်တော်များမှ ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်း၊ သင်ကြားမည့်ဒီဇိုင်းလက်ရာများကို ကြည့်ရှုအားပေးခဲ့ကြသည်။ သင်တန်းတက်ရောက်မည့် သင်တန်းသူ ၂၅ ဦးအား စက်မှုလက်မှု သင်ခန်းစာများကို ၂၂ ပတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး၊ သင်တန်းပြီးစီးပါက ဒေသတွင်းရှိ လုပ်ငန်းရှင်များနှင့် ချိတ်ဆက်၍ လုပ်ငန်းခွင်ဝင်ရောက်နိုင်သည်အထိ ထပ်မံလေ့ကျင့် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွာဝင်း(ခ)Mအောင်ဂျာနှင့် ဦးကျော်သိန်းအောင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်းနှင့် ခရိုင်ဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းနှင့် မြို့နယ်ဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များနှင့် သင်တန်းသူများတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ခရိုင်ပြန်/ဆက်