ကျောက်မဲ မေ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရန်နှင့် သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိစေရန်ရည်ရွယ်၍ သဘာဝမြေဆွေးပြုလုပ်နည်း လက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ကျောက်မဲမြို့နယ် စခန်းသာကျေးရွာ တောင်သူဦးတင်ဌေး၏ စိုက်ပျိုးရေးခြံ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ လားရှိုးပြည်နယ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်အေးက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ကျောက်မဲခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းထင်စိုးက သဘာဝမြေဆွေးပြုလုပ်ခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများနှင့် လက်တွေ့သရုပ်ပြပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများက သဘာဝမြေဆွေးပြုလုပ်နည်း အဆင့်ဆင့်ကိုလက်တွေ့သရုပ်ပြသခဲ့ကြပြီး တောင်သူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။
ယခုကဲ့သို့ သဘာဝမြေဆွေးကို စနစ်တကျပြုလုပ်အသုံးပြုခြင်းဖြင့် စိုက်ပျိုးရေးသွင်းအားစုစရိတ်များလျော့ချနိုင်ခြင်း၊ မြေဆီလွှာအရည်အသွေး ကောင်းမွန်လာခြင်း၊ သီးနှံများအာဟာရပြည့်ဝစွာဖြင့်ကြီးထွားနှုန်း မြန်ဆန်စေခြင်းတို့အပြင် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သော ဟင်းသီးဟင်းရွက်များကို ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးက ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ လက်တွေ့သရုပ်ပြပွဲသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူ ၁၀၀ ဦးကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)