ကမာရွတ်မြို့နယ်တွင် တတိယအကြိမ်ပြင်ဆင်သည့် ဥပဒေနှင့်နည်းဥပဒေနှင့်အညီ ရပ်ကွက် အုပ်ချုပ်ရေးမှူးများအား ရွေးချယ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များရှင်းလင်းဆွေးနွေး

ကမာရွတ် ဇန်နဝါရီ ၁၅

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ရပ်ကွက်(သို့)ကျေးရွာအုပ်စုအုပ်ချုပ်ရေး မှူးများအားတတိယအကြိမ်ပြင်ဆင်သည့် ဥပဒေပုဒ်မ(၅)အရ  အုပ်ချုပ်ရေးမှူး ရွေးချယ် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ကမာရွတ်မြို့နယ်အတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး လုပ်ငန်းများကို ဥပဒေ၊နည်းဥပဒေများနှင့်အညီ ဖြစ်စေရေးအတွက် ကြီးကြပ်ဆောင်ရွက် သွားရန်၊ ရပ်ကွက်တစ်ခုလျှင် ရပ်မိရပ်ဖ(၅)ဦးစီ ရွေးချယ်ခြင်းအား ရပ်ကွက်(သို့) ကျေးရွာ အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေ(ပြင်ဆင်ပါ) အပိုဒ်(၃)ပါလုပ်ထုံးလုပ်နည်းများနှင့်အညီ သက်ဆိုင်ရာ ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုတစ်စုလျှင် အသက်(၁၈)နှစ်ပြည့်ပြီးသော အိမ်ထောင်စု ကိုယ်စားလှယ် (၁)ဦးနှုန်းတက် ရောက်ရန်စာဖြင့် ရက်သတ္တပတ် ကြိုတင် အသိပေးရန်၊ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ဆယ်အိမ်မှူးတို့တွင် ပြည့်စုံရမည့် အရည်အချင်းများ စသည်တို့ ကို ရှင်းလင်း ဆွေးနွေးခဲ့ပြီးတက်ရောက်လာကြသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။

စိမ်းလဲ့(ပြန်/ဆက်)