စဉ့်ကိုင် မေ ၄
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့စီမံမှုဖြင့် ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ နွေသီးနှံစိုက် တောင်သူများအား မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်းမှ ဖြန့်ဝေရောင်းချသည့် ယူရီးယားဓါတ်မြေဩဇာများ စုပေါင်းရောင်းချပွဲ အခမ်းအနားကို မေ ၄ ရက် နံနက် ၉ နာရီခွဲက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ စဉ့်ကိုင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဇော်မင်းဦး၊ ကျောက်ဆည်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစံအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းဇော်နှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဝင်များနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စဉ့်ကိုင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်က အမှာစကား ပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစံအောင်က စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် သီးနှံများပန်းထွက်အထွက်နှုန်းရရှိရေးအတွက် အမှာစကားပြောကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးထွန်းထွန်းနိုင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မင်းဦးတို့က စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးအမှာစကား ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းဇော်က အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် ဆောက်ရွက်မှုများအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်စိုက်ညှိအဖွဲ့ဝင်များမှ နွေသီးနှံစိုက်ပျိုးသည့် တောင်သူများထံသို့ ဝယ်ယူပစ္စည်းများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ကျော်စွာ (စဉ့်ကိုင်)