အလုံ မေ ၄
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းနှင့် Biometric ကောက်ယူကာ UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက စောရန်ပိုင်အနောက်ရပ်ကွက်၊ အ.မ.က(၁၁) အခြေခံပညာမူလတန်းကျောင်းတွင် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
ထို့သို့ ရက်(၁၀၀)စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုံမြို့နယ် ဦးစီးမှူး ဦးစံသိန်းဦးဆောင်၍ ဝန်ထမ်းများက အသက်(၁၀/၁၈)နှစ်ပြည့်ပြီးသူ ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် Biometric ကောက်ယူ၍ UID ကတ်ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာနေရာသို့ အလုံခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဇော်မင်းဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကုဋေထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲကိုကိုနှင့် အဖွဲ့၀င်များ၊ ရဲမှူးဝင်းမြင့်အဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အလုံမြို့နယ် ဦးစီးမှူး ဦးစံသိန်းက လုပ်ငန်းများဆောင်ရွက်ပုံအဆင့်ဆင့်အား လိုက်လံရှင်းလင်းပြသခဲ့ပြီး ပြည်သူများအား Unique ID (UID) ထုတ်ပေးခဲ့သည်။
နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric ကောက်ယူ၍ UID ကတ်ထုတ်ပေးခြင်းများကို သက်ဆိုင်ရာရပ်ကွက်များအလိုက် မြေပြင်ကွင်းဆင်း၍ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ ဌာနာရပ်ကွက် မြို့နယ်ရဲတပ်ဖွဲမှူးရုံးခန်းနှင့် အ.မ.က(၄)တို့တွင် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး ကျန်ရပ်ကွက်များသို့ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယောဧရာ (မြို့နယ်ပြန်/ဆက်)