ကျောက်တန်းမြို့နယ်တွင် ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရေးလုပ်ငန်းစဉ်နှင့် ဥပဒေ၊ နည်းဥပဒေများအား ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ကျောက်တန်း  ဇန်နဝါရီ  ၁၅

ရန်ကုန်တိုင်းဒေသကြီး  တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး လုပ်ငန်း စဉ် နှင့် ဥပဒေ၊နည်းဥပဒေများအား ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက  မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက် ရေး အသင်း  ခန်းမ၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားတွင်   ကျောက်တန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဌေးက တက်ရောက်၍ ရပ်ကွက်၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ဘက်လိုက်မှု ကင်းရှင်းစေရေး၊ အချိန်မီပြုလုပ်နိုင်ရေး၊ ပြည်သူအားလုံး ပူးပေါင်း ပါဝင်စေရေးနှင့် ပွင့်လင်းမြင်သာမှုရှိစေရေးတို့အတွက် ဆောင်ရွက်ရခြင်းဖြစ်ပြီး ရပ်ကွက်(သို့မဟုတ်) ကျေးရွာ အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများ ၊ပြင်ဆင်သည့်ဥပဒေ ၊ နည်းဥပဒေများကို ကဏ္ဍအလိုက် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက သိရှိလိုသည် များကို မေးမြန်းဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

ခင်ဆွေဝင်း  (ကျောက်တန်း)