မိုင်းဆတ် မေ ၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မိုင်းဆတ်)၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၁၀) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ခရိုင်လဝကဦးစီးမှူး ဦးထွန်းလှက အဖွင့်အမှာစကားပြောကြားပြီး အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မိုင်းဆတ်)မှ ကျောင်းအုပ်ဒေါ်ခိုင်ခိုင်ထွေးက သင်တန်းတွင်ပို့ချမည့်သင်ခန်းစာများနှင့် သင်ထောက်ကူပစ္စည်းထောက်ပံ့ပေးမည့်အခြေအနေများအား ရှင်းလင်းတင်ပြသည်။
အဆိုပါ သင်တန်းသို့ မိုင်းဆတ်ခရိုင်အတွင်းမှ သင်တန်းသူ(၃၀)ဦး တက်ရောက်သွားမည်ဖြစ်ပြီး သင်တန်းတွင် လက်မနှင့်စင်တီမီတာစက်ချုပ်နည်း ၂၁ မျိုး၊ လက်မှုပညာရပ် ၅ မျိုး၊ မုန့်လုပ်နည်း(၅)မျိုးနှင့် ဟင်းလျာချက်ပြုတ်နည်း ၅ မျိုးတို့ကို ရက်သတ္တပတ်၂၂ ပတ်ကြာ စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)