တာချီလိတ်မြို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းဖွင့်လှစ်

တာချီလိတ် မေ ၄

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၁၀)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေက ယခုဖွင့်လှစ်သည့် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းတွင် တက်ရောက်မည့် သင်တန်းသူများအနေဖြင့် သင်တန်းကာလအတွင်း သင်တန်းစည်းမျဉ်းစည်းကမ်းများကို လိုက်နာ၍ မိမိတို့ဘဝဖွံ့ဖြိုးတိုးတက်စေရန် သက်မွေးဝမ်းကြောင်းပညာရပ်များအား ကြိုးစားသင်ယူလေ့လာစေလိုကြောင်း သင်တန်းဖွင့် လမ်းညွှန်အမှာစကား ပြောကြားသည်။

ထို့နောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငြိမ်းအောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအွန်ခမ်း၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက သင်တန်းတွင် သင်ကြားပို့ချပေးသွားမည့် လက်မှု့ပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

အဆိုပါ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းသို့  ဒေသခံတိုင်းရင်းသူ အမျိုးသမီး ၃၀ ဦး တက်ရောက်ပြီး သင်တန်းနည်းပြများက လက်မနှင့် စင်တီမီတာစက်ချုပ်နည်း ၂၂ မျိုး၊ လက်မှုပညာရပ် ၁၀ မျိုး၊ မုန့်လုပ်နည်းနှင့် ဟင်းလျာချက်ပြုတ်နည်း ၁၂ မျိုးကို ရက်သတ္တပတ် ၂၂ ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)